သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းတွင် စစ်ဘေးရှောင်နေအိမ် ၉ လုံးအပါအဝင် အိမ် ၁၈ လုံးမီးလောင်ဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.9k


ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၂ဝ/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်ရပ်ကွက်(၃)တွင် ယနေ့ မတ်လ ၂ဝ ရက် နေ့လယ် ၂ နာရီခန့်က စစ်ဘေးရှောင်နေအိမ် ၉ လုံးအပါအဝင် နေအိမ် ၁၈ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္တာန်တို့ထိခိုက်မှုတစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့သော်လည်း စစ်ဘေးရှောင်နေအိမ် ၉ လုံးနှင့် ရပ်ကွက်နေဒေသခံနေအိမ် ၉ လုံးတို့ မီးလောင်ပြာကျခဲ့ကြောင်း အမ်းမြို့ မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ ဦးအောင်သန်းဌေးက နိရဥ္စရာအား ပြောသည်။
“ဆိုင်ကယ်လည်း ၂ စီးပါသွားတယ်။ မီးကြွင်းမီးကျန်က စလောင်တာပါ။ မီးဖိုချောင်က လောင်တာပါ။ တချို့လည်း ပစ္စည်းတွေလည်း ပြန်ရလိုက်ပါတယ်။ တချို့လည်း မရလိုက်ဘူးပေါ့” ဟုပြောသည်။
အဆိုပါမီးလောင်မှုတွင်ပါသွားသည့်စစ်ဘေးရှောင်များနှင့် မီးဘေးဒုက္ခသည်များအား အမ်းမြို့ရှိ ဘုရားကြီးကုန်းတွင် ယာယီနေထို်င်နိုင်ရန် စီစဉ်နေကြောင်း အမ်းမျိုးဆက်သစ်လူငယ်အဖွဲ့ ဥက္ကဋ္ဌ မယွန်းသူသူအောင်က ပြောသည်။
“သူတို့က စစ်ဘေးရှောင်တွေအများစုပါတော့ အခုအချိန်မှာ ဒီလောက် စားနပ်ရိက္ခာခက်ခဲနေတဲ့အချိန်မှာ ပိုပြီးအခက်အခဲဖြစ်သွားကြတော့မယ်။ ဘာတစ်ခုမှ မရလိုက်ကြဘူး။ အခုဆိုရင် နေဖို့လည်းခက်ခဲသွားပြီ။ စားဖို့ကိုထားတော့။ သူတို့ဘဝ ပြန်လည်ရှင်သန်ဖို့ သိပ်ခက်ခဲသွားပြီ” ဟုပြောသည်။
အဆိုပါမီးလောင်မှုကို ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းမီးငြိှမ်းသတ်မှုကြောင့် ညနေ ၃ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဆက်စပ် သတင်းများ