စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် ညောင်ချောင်းစျေးမီးလောင်၍ ဆိုင်ခန်း ၂၀ ကျော်ခန့်မီးထဲပါ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9k

နိရ ဉ္စရာ၊ မေ ၃၀/၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းစျေး ယနေ့မနက်တွင် မီးလောင်၍ ဆိုင်ခန်း ၂၆ ခန်း မီးထဲပါသွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုသည် ယနေ့မနက် ၂ နာရီကျော်ခန့်တွင် စတင် မီးလောင်ခဲ့ခြင်းဖြစ်ကာ အနီးအနားရှိ ကျေးရွာများမှ ကိုယ်ထူကိုယ်ထ ဝိုင်းဝန်း မီးငြိမ်းသတ်မှုကြောင့် နံနက် ၃ နာရီကျော်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း ဒေသခံများကပြောသည်။
မီးလောင်ရာတွင် ပါသွားသည့်ဆိုင်ခန်းအများစုမှာ မူဆလင်လူမျိုးများ၏ ဆန်ဆိုင်၊ ကုန်စုံဆိုင်နှင့် ပန်းပဲဆိုင်များပါဝင်ပြီး ရခိုင်အမျိုးသမီးတစ်ဦး၏ ကုန်စုံဆိုင်တစ်ဆိုင်လည်း ပါဝင်ကြောင်း ညောင်ချောင်းစျေးတွင် စျေးဆိုင်ဖွင့်ထားသည့် ဦးအောင်စံထွန်းမှ နိရ ဉ္စရာသို့ ပြောသည်။
"ဆန်တန်းနဲ့ ပန်းပဲတန်း နှစ်တန်းပါသွားတယ်။ မီးလောင်းတဲ့ အခန်းကတော့ ၂၀ ကျော် လောက်ရှိမယ်ထင်တယ်။ လူတွေတော့အများလာပြီး ဝိုင်းပြီး မီးသတ်မှ မီးကငြိမ်းသွားတယ်။ ဘယ်အဆောင်ကနေ စလောင်တာလဲဆိုတာ လူတွေလည်းမသိရသေးဘူး "ဟုပြောသည်။
မီးလောင်မှုကြောင့် စျေးဆိုင်ခန်း ၂၆ ခန်းမီးလောင်ပျက်စီးသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မသိရသေးပါ။
လက်ရှိတွင် မီးလောင်မှုဖြစ်ရသည့်အကြောင်းအရင်းကို ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။
အဆိုပါညောင်ချောင်းစျေးတွင် စျေးဆိုင်ခန်းပေါင်း ၂၀၀ ကျော်ခန့်ရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။ (NN-8)

ဆက်စပ် သတင်းများ