ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

နယူးဒေလီ စက်ရုံမီးလောင် ၄၃ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.2k

နိရဥ္စရာ၊ ဒီဇင်ဘာ ၈/၂ဝ၁၉ (နိုင်ငံတကာသတင်း)

ယနေ့ တနင်္ဂနွေနေ့ မနက်အစောကြီးအချိန်တွင် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် စက်ရုံမီးလောင်ရာမှ လူပေါင်း ၄၃ ဦးသေဆုံးသွားကြောင်း Reuters က သတင်းဖော်ပြသည်။

မီးလောင်သော စက်ရုံမှာ ၆ ထပ်တိုက် အဆောက်အအုံတစ်ခု ဖြစ်ပြီး မီးလောင်စဉ် အလုပ်သမားများ အိပ်နေချိန်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများကို ကိုးကားပြီး သတင်းတွင် ဖော်ပြသည်။

၎င်းစက်ရုံမှာ လက်ကိုင်အိတ်ထုတ်လုပ်သော စက်ရုံဖြစ်ပြီး မြောက်များစွာသော ကုန်ကြမ်းများကို စက်ရုံထဲတွင် သိုလှောင်ထားသည်ဟု ဆိုသည်။ သို့အတွက် မီးမှာ လျှင်မြန်စွာကူးစက် လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ဆိုသည်။သို့သော်လည်း မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းကို ချက်ချင်း မသိနိုင်သေးဟု ဆိုသည်။

မီးခိုးမွန်း၍ ထိခိုက် ဒဏ်ရာရမှု ရှိနေသူ လူပေါင်း ၅ဝ ကို ကယ်တင်နိုင်ခဲ့သည်ဟု မီးသတ်ဌာနက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။ 

မီးသတ်ကား ၃ဝ ဖြင့် သွားရောက်မီးငြိမ်းသတ်ပြီး ဒဏ်ရာသူများကို အနီးအနားရှိ ဆေးရုံ ၄ ခုသို့ ပို့ဆောင်နေကြောင်း ပြောသည်။
၎င်းစက်ရုံသည် လူပြည့်ကျပ်နေသည့် မြို့ပြ လူနေရပ်ကွက် တစ်ခုတွင်တည်ရှိသည်ဟု ဆိုသည်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက သူ၏ တွစ်တာမှ တစ်ဆင့် ဒေလီမြို့ရှိ Anaj Mandi ရှိ Rani Jhansi လမ်းမကြီးပေါ်တွင် မီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း၊ မီးလောင်မှုကြောင့် သူတို့ ချစ်မြတ်နိုးရသူများ ဆုံးရှုံးခဲ့ရသူများနှင့်ကျွန်ုပ်၏ အတွေးများ အတူရှိနေကြောင်း၊ ဒဏ်ရာရသူများ အမြန်ပြန်လည်နာလန်ထူလာ စေရန် ဆုမွန်ကောင်း တောင်းကြောင်းနှင့် အာဏာပိုင်များအနေဖြင့် ဖြစ်နိုင်သမျှ ကြေကွဲစရာအဖြစ်အတွက် အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

---------------------

Unicode:










ဆက်စပ် သတင်းများ