စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သင်းကျစ်တော်စေတီတောင်အနီးတွင် တောမီးပြင်းထန်စွာလောင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 276

ချစ်အိလှိုင်

နိရဥ္စရာ၊ မတ် ၂၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သင်းကျစ်တော်စေတီတောင်ပတ်လည်တွင် မတ်လ ၂၃ ရက်နေ့ ညနေမှ စတင်ကာ ယခုအချိန်ထိ တောမီးပြင်းထန်စွာလောင်နေကြောင်း ဒေသခံများကပြောသည်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနစ်ထိမ်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်ခင်သန်းက “ဘုရားကိုတော့ စိုးရိမ်ရတာပေါ့။ အဲဒီနားကအပင်တွေချည်းပဲလေ။ အခုအချိန်က ခြောက်သွေ့တဲ့ အချိန်လေ။ ဆိုတော့ နွေရာသီဖြစ်တဲ့အခါ ခြောက်နေတဲ့သစ်ရွက်တွေ၊ ခြောက်နေတဲ့အပင်တွေကို မီးရှို့တယ်ဆိုတော့ သဘာဝ ပတ်ဝန်းကျင်က အများကြီးထိခိုက်လာတယ်။ ပီးရင် ဒါတွေက ရှေးဟောင်းအမွေအနှစ်တွေ ဖြစ်တယ်။ နောက်တစ်ခုက ဘုရားနဲ့နီးတယ်ဆိုတော့ မကောင်းဘူးပေါ့။ စစ်တပ်က ရှို့ထားတာ။ တောတွေ မရှိစေချင်တဲ့ သဘောပေါ့။ မလုပ်သင့်တဲ့ ကိစ္စပေါ့။ မလုပ်သင့်ဘူးလိုပဲပြောလို့ရမယ် ကျန်တာ ဘာပြောလို့ ရမလဲ။ ဝမ်းနည်းဖို့ ကောင်းတယ်”ဟု နိရဥ္စရာအားပြောသည်။

သူမ မှာ ယနေ့ ညနေ ၅ နာရီခန့်က စစ်တွေမှ မြောက်ဦးသို့ အပြန်တွင် ဘုရားတောင်မှာ ကားလမ်းမှ အလှမ်းဝေးသေးသဖြင့် ဘုရားတောင်အနီး မီးလောင်နေသည်ကို မမြင်တွေ့ခဲ့ရသော်လည်း ကားလမ်းဘေးမှ မီးလောင် ထားသော အပင်တချို့ကိုတွေ့ခဲ့ကြောင်း သူမက ပြောကြားသည်။

“မီးလောင်နေတာကျွန်တော်တို့ကြည့်နေပါတယ်။ ဘုရားနဲ့ ၂ ဖာလုံကျော်လောက်ပဲလိုတော့တယ်။ တောင်လေနဲ့ ဘုရားနားရောက်လာနေတာပါ။ လေနည်းနည်းထပ်ပြင်းရင် ဘုရားပုရဝုဏ်မီးလောင်မှာပါ။ အဲဒီသင်းကျစ်တော်ဘုရားတောင်နားမှာ အဘောင်တော်တောင်တန်းရှိတယ်။ စစ်တပ်က သင်းကျစ်တော် ဘုရားနဲ့ ပတ်ပတ်လည်တောင်တွေမှာနေရာယူထားတာ။ အခုလည်းပေါက်ကွဲသံတွေ ထွက်နေတယ်။ ဘာပေါက်တာလဲတော့မသိဘူး။ မိးခိုးတွေနဲ့ အုံ့နေတယ် ပတ်ဝန်းကျင်တစ်ခုလုံးလည်း။ ဘုရားနဲ့ တောအုပ်ကသီးခြားမဟုတ်တော့ ကပ်ပါသွားမှာ စိုးရိမ်ရတယ်” ဟု ပေါက်တောပြင် ကျေးရွာမှ အုတ်ဖိုကန်ကျေးရွာတွင် စစ်ဘေးရှောင်နေသူ ဦးအောင်မြင့်က နိရဥ္စရာ သတင်းဌာနအားပြောသည်။

ပေါက်တောပြင်ရွာမှာ သင်းကျစ်တော်တောင်အောက်တွင် တည်ရှိပြီး ၄င်းပေါက်တောပြင်ရွာသားများမှာ မီးလောင်နေသည်ကို သွားရောက် စောင့်ကြည့်နေကြကြောင်း ၄င်းဦးအောင်မြင့်ကဆက်ပြောသည်။

မြောက်ဦးမြို့နယ်မီးသတ်ဦးစီးဌာနအား ဆက်သွယ်ရာ မီးလောင်နေသည်ကို သိရှိခြင်း မရှိသလို သတင်းပေးလာတာလည်း မရှိသေးကြောင်းပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ၄င်းမှာ စစ်တွေမြို့သို့ ရောက်ရှိနေသဖြင့် ၄င်းဘုရားစေတီတောင် မီးလောင်နေသည်ကို မသိရှိသေးကြောင်းပြောသည်။

မြောက်ဦးမြို့နယ်တွင် မတ်လ ၁၈ ရက်နေ့ ကလည်း ပီပင်ကုန်းကျေးရွာ အနီးရှိ တောမီးလောင်ရာမှ မီးပွားများ အိမ်ခေါင်မိုးပေါ်ကျပြီး လူနေအိမ် ၇ ဆောင် မီးလောင်ကာ၊ စပါးကျီတစ်ခုနှင့် နောက်ထပ် အိမ်၂ ဆောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂ဝ ရက်နေ့ကလည်း လေညှင်းတောင်ကျေးရွာ အနောက်ဘက် တောင်တန်း များမှာ ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ပစ်ခတ်ခံရပြီးနောက် တောမီးများလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

--------------------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၂၅/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ