သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အာစနီမုန်တိုင်းဝင်လာပါက ခိုလှုံနိုင်ရန် ရခိုင်ရှိ ဆိုင်ကလုန်း Shelter အခု ၅ဝ ကျော်ကို အသင့်လုပ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.6k


ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၂၁/ ၂ဝ၂၂
အာစနီမုန်တိုင်းဝင်ရောက်လာပါက အရေးပေါ်ခိုလှုံနိုင်ရန် ရခိုင်မှဂွမြို့နယ်အပါအဝင် မြို့နယ်အချို့တွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံ (Cyclone Shelter) အခု ၅ဝ ကျော်ကို အသင့်အနေအထားဖြင့် အရေးပေါ်ပြင်ဆင်ထားကြောင်း သိရသည်။
အာစနီမုန်တိုင်းဝင်ရောက်လာပါက အန္တရာယ်ရှိနိုင်သည့် ပင်လယ်ကမ်းနားမြို့များတွင် တပ်ဆင်ထားသော ဆိုင်ကလုန်း Shelter ၅၇ ခုကို အဆင်သင့်လုပ်ထားသည်ဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိရဥ္စရာအားပြောသည်။
“အဲဒီဆိုင်ကလုန်း Shelter တွေထဲမှာ သန့်ရှင်းရေးတွေလုပ်ခိုင်းတယ်။ ရေသန့်ဗူးတွေစုခိုင်းတယ်။ ဆန်အိတ်တွေထမ်းခိုင်းထားတယ်” ဟုပြောသည်။
စစ်တွေမြို့နယ်တွင်လည်း ပလ္လင်ပြင်ကျေးရွာတွင် ဆိုင်ကလုန်း Shelter တစ်လုံးနှင့် သဲချောင်းဖက်တွင် တစ်လုံးစီရှိပြီး ၎င်းကျေးရွာဘက်မှလူများကိုလည်း မုန်တိုင်းဝင်လာလျှင် ဆိုင်ကလုန်း Shelter များသို့ တိမ်းရှောင်ခိုလှုံနိုင်ရန် အထုပ်အပိုးများကို ကြိုတင်ထုပ်ခိုင်းထားကြောင်း ဆက်ပြောသည်။
စစ်တွေမြို့နယ်ရှိ ဘင်္ဂလားပင်လယ်ထွက်ဝတစ်ခုဖြစ်သည့်ဗေဒါကျေးရွာသားများကို သဲချောင်းဆိုင်ကလုန်း Shelter သို့ပြောင်းရွှေ့နေပြီဟုလည်း သဲချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမြကျော်က ပြောသည်။
“ဗေဒါရွာက သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေကို သွားခေါ်နေတယ်။ လာနေကြတယ်။ လူဘယ်နှစ်ယောက်၊ ကျား၊ မ၊ ကလေးကို သူတို့ရောက်မှ ခွဲလို့သိရမယ်” ဟုပြောသည်။
ဂွမြို့နယ်တွင်လည်း မုန်တိုင်းဝင်ရောက်လာပါက အဆင်သင့်တိမ်းရှောင်နိုင်စေရန် လိုအပ်သည်များကို အထုပ်အပိုးများဖြင့် ကြိုတင်ထုပ်ပိုးပြင်ဆင်ထားကြရန် အရေးပေါ်အသံချဲ့စက်များဖြင့် မြို့ကို လှည့်ပတ်ကြေညာနေသည်ဟု သိရသည်။
ဂွမြို့မှ လူမှုရေးလှုပ်ရှားသူ ကိုကျော်မြင့်မောင်က ဂွမြို့နယ်၏လေတိုက်မှုနှုန်းမှာ ယနေ့ မတ်လ ၂၁ ရက် ညနေ ၆ နာရီခွဲအထိ ပုံမှန်အနေအထားရှိနေသော်လည်း မိုးဖွေးလေးများ အနည်းငယ် ရွာသွန်းလျက်ရှိကြောင်း ပြောသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသည့့်အာစနီမုန်တိုင်းငယ်သည် လက်ရှိတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးမှ မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနိုင်သည်ဟု မိုးလေဝဿနှင့် ဇလဗေဒညွှန်ကြားရေး ဦးစီးဌာနက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
ယင်းမုန်တိုင်းသည် မနက်ဖြန် မတ်လ ၂၂ ရက်နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းသို့ သံတွဲမြို့၏တောင်ဘက် ရေပိုင် ၃၁၅ မိုင်ခန့်မှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုလည်း ဆိုထားသည်။
ဓာတ်ပုံ - ရခိုင်မှ မုန်တိုင်းဒဏ်ခံအဆောက်အအုံတစ်ခုအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ