စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဂွမြို့အနီးမှရွေ့လျားသွားသည့် အာစနီမုန်တိုင်းငယ် အားလျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.3k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မတ် ၂၃/၂၀၂၂
ရခိုင်ပြည်နယ် ဂွမြို့အနီးမှရွေ့လျားခဲ့သည့် အားကောင်းခဲ့သောအာစနီမုန်တိုင်းငယ်သည် အားလျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိသွားပြီဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဂွမြို့အနီးမှ ရွေ့လျားခဲ့သော မုန်တိုင်းငယ်သည် လက်ရှိတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါမုန်တိုင်းငယ်အရှိန်ကြောင့် ဂွမြို့နယ်အပါအဝင် သံတွဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင် လေပြင်းအနည်းငယ်တိုက်ခဲ့ပြီး မိုးဖွဲအနည်းငယ်ရွာသွန်းခဲ့သော်လည်း အပျက်အစီးများမရှိခဲ့ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေသဖြင့် အညိုရောင်အဆင့်ဟု မိုး/ဇလက သတ်မှတ်ထားသည်။
ယင်းအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက်ထပ် (၁၂)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟုလည်း ခန့်မှန်းထားသည်။
ယင်းအားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်အချို့တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း(၈၀)ရှိကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။
ရခိုင်တွင် မုန်တိုင်းကြောင့် မတ်လ ၂၂ ရက်နေ့က ရပ်နားထားခဲ့သည့် လေကြောင်းခရီးစဉ်ကိုလည်း ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ပြည်လည်ပြေးဆွဲနေပြီဖြစ်ပြီး ရေကြောင်းခရီးစဉ်များကိုမူ မတ်လ ၂၅ ရက်တွင် ပြန်လည်ပြေးဆွဲတော့မည်ဟု သိရသည်။
----------------------------

ဆက်စပ် သတင်းများ