သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

လေပြင်းကြောင့် နစ်မြုပ်သွားသည့်ငါးဖမ်းဘုတ်များထဲမှ ၄ ဦးကို ၇ ရက်ကြာသည်အထိ ရှာမတွေ့သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

နိရဉ္စရာ/မေ ၂၇၊ ၂၀၂၂
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ပြင်ဝန်းကျေးရွာမှ ငါးဖမ်းဘုတ် ၇ စီးနစ်မြုပ်ခဲ့ရာ ဘုတ်တွင်လိုက်ပါလာသည့် ငါးဖမ်းသမား ၄ ဦးကို ယနေ့ မေလ ၂၇ ရက်နေ့အထိ ရှာ၍မတွေ့သေးကြောင်း ကျေးရွာသားများက ပြောသည်။
ပျောက်ဆုံးနေသူများမှာ ဘုတ်ပိုင်ရှင် ဦးစိုးကိုလှိုင်၊ ငါးဖမ်းသမား ကိုနန္ဒ၊ ကိုဇော်ဝင်းထွန်းနှင့် ကိုမောင်ချေတို့ ဖြစ်ကြသည်။
၎င်းတို့မှာ လေပြင်းတိုက်ခတ်နေစဉ် ဘုတ်နစ်မြုပ်သွားကာ ပင်လယ်ထဲသို့ မျောပါသွားကြသည်ဟု ငါးဖမ်းသမား ကိုဆန်းတင်အောင်က ပြောသည်။
“သူတို့ဘုတ်က လေပြင်းကျတဲ့အချိန်မှာ နစ်မြုပ်သွားတာ။ ဘုတ်နစ်မြုပ်တဲ့အချိန်မှာ ဘုတ်ဝမ်းခေါင်းထဲက ဖော့ဘူးတစ်ဘူးထွက်လာတယ်။ အဲဒီအခါ ဖော့ဘူးကို နှစ်ယောက်က ရသွားတယ်။ နှစ်ယောက်က ဘုတ်မှာကျန်ခဲ့တယ်။ နှစ်ယောက် ဖော့ဘူးနဲ့အတူပင်လယ်ကို မျောပါသွားကြတယ်။ ဘုတ်ထဲမှာကျန်ခဲ့တဲ့နှစ်ယောက်မှာ တစ်ယောက်က ပျောက်သွားတယ်။ အခုအထိ ကျွန်တော်တို့ကလိုက်ရှာတာ လုံးဝမတွေ့ဘူး”ဟု ပြောသည်။
ပြင်ဝန်းကျေးရွာမှနစ်မြုပ်သွားသည့် ဘုတ်များမှာ ဦးစိုးလှိုင်၊ ဦးလှမောင်သန်း၊ ဦးဦးရွှေမောင်၊ ဦးထွန်းထွန်းမောင်၊ ဦးအောင်ကျော်စိန်တို့၏ ဘုတ်များဖြစ်ကြသည်။
အဆိုပါဘုတ်များမှာ ပြင်ဝန်းကျေးရွာနှင့် ၁၂ မိုင်ခန့်ဝေးသည့် ဘင်္ဂလားပင်လယ်အော်နှင့် ဟန်တာပင်လယ်ကြားတွင် ငါးဖမ်းနေကြသည့်ဘုတ်များဖြစ်ကြသည်ဟု သိရသည်။
“ကျွန်တော်တို့က တစ်ဘုတ်နဲ့တစ်ဘုတ် မနီးမဝေးကနေ ငါးဖမ်းနေကြတာ။ အဲဒီနေ့က တစ်နာရီလောက်မှာ လေစလို့တိုက်လာတယ်။ ၄၅ မိနစ်လောက်မှာ မိုးနဲ့လေနဲ့တအားတိုက်လာတာ။ ပင်လယ်ထဲမှာ ကျွန်တော်တို့က ဘုတ်ဦးကိုလောက်ပဲမြင်ရတယ်။ ကျန်တဲ့နေရာတွေက လုံးဝမမြင်ရတော့ဘူး။ မိုးမှောင်ကျသွားတာ။ အရမ်းကြောက်သွားကြပါတယ်။ မိုးမှောင်အမြန်လင်းပါစေလို့ ဆုတောင်းနေရတယ်။ ကျွန်တော်တို့က ဘုရားတရားကိုပဲတနေကြရတယ်။ ကျွန်တော်တို့ဘုတ်မမြုပ်ခဲ့လို့ ကံကောင်းသွားတယ်။ ရွာကိုတော့ ညဥ့်နက်မှ ရွာကိုရောက်ပါတယ်”ဟု ကိုဆန်းတင်အောင်က ပြောသည်။
အလားတူ မေလ ၂၁ ရက် ညနေ ၅ နာရီခန့်က ပေါက်တောမြို့နယ် အင်ဂရင်းချိုင်ကျွန်းနှင့် မြေပုံမြို့နယ်အကြားရှိ မြစ်ပြင်တွင် ဟွန်ဒါစက်လှေငယ်တစ်စီးဖြင့် ပိုက်ချနေစဉ် စက်လှေတိမ်းမှောက်ပြီး ကိုငယ်မောင်ချေ (၂၈ နှစ်ခန့်)နှင့် ကိုနုစိန်အောင် (၂၅ နှစ်ခန့်)တို့သေဆုံးသွားခဲ့သည်ဟု သိရသည်။
၎င်းတို့မှာ ကျောက်မောင်းကျေးရွာ သားများဖြစ်ကြသည်။
မေလ ၂၁ ရက်နေ့လယ်ပိုင်းမှစတင်ကာ ရုတ်တရက် လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် မြေပုံမြို့နယ်တွင် ငါးဖမ်းစက်လှေ ၁၆ စီးနှင့် ခရီးသည်တင်စက်လှေ ၁ စီးနစ်မြုပ်ခဲ့သော်လည်း လူအသေအပျောက်မရှိခဲ့ဟု သိရသည်။
နစ်မြုပ်ခဲ့ကြသည့် စက်လှေများမှာ မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ ငါးဖမ်းစက်လှေ ၈ စီး၊ငပသုန်ကျေးရွာမှ ငါးဖမ်းစက်လှေ ၈ စီးနှင့် ငပသုန်မှ ကျောက်ဖြူ မြို့သို့ ထွက်ခွာခဲ့သည့် ခရီးသည်တင်စက်လှေ ၁ စီးတို့ဖြစ်ကြသည်။ (NN-11)

ဆက်စပ် သတင်းများ