- Web Master
- ၂၈ နိုဝင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဩဂုတ်၂၀/၂၀၂၂
ဘင်္ဂလာပင်လယ်အော်တွင် ရာသီဥတု ဆိုးရွားပြီး လှိုင်းလေထန်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘော ၁၁ စင်း နစ်မြုပ်ပြီး ရေလုပ်သား ၃၄ ဦး ပျောက်ဆုံးနေကြောင်း UNB သတင်းကို ကိုးကားပြီး Dhaka Tribune တွင် သတင်းဖော်ပြသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း သောကြာနေ့က ဆိုးရွားတဲ့ရာသီဥတုကြောင့် ငါးဖမ်းငါးဖမ်းသင်္ဘော ၁၁ စင်း နစ်မြုပ်ခဲ့တဲ့အတွက် တံငါသည် သုံဆယ့်လေးဦး ပျောက်ဆုံးနေကြောင်း ဘင်္ဂလာကမ်းခြေစောင့် တပ်ဖွဲ့က စနေနေ့က ပြောသည်။
နစ်မြုပ်သည့် ငါးဖမ်းသင်္ဘော ၁၁ စီးပေါ်တွင် ငါးဖမ်းသမား ၁၆၀ ဦးလိုက်သွားခဲ့ပြီး ထိုအထဲမှ ၁၂၆ ဦးမှာ ရေကူးပြီး ကမ်းကပ်လာနိုင်ခဲ့သည်ဟု ဆိုသည်။
ယခုအခါ ရေလုပ်သားအချို့သည် Kuakata ခုတင် ၂၀ ဆံ့ဆေးရုံနှင့် အခြားဆေးရုံများတွင် ဆေးကုသမှု ခံယူလျက်ရှိသည်ဟု ဆိုသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် ပျောက်ဆုံးနေသော ငါးဖမ်းသမားများကို လိုက်လံ ကယ်ဆယ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
နစ်မြုပ်သည့် ငါးဖမ်းသင်္ဘောများအထဲတွင် MV Mamoni (3)၊ FB Saiful၊ FB Al Mamun၊ FB Kulsun၊ FB Rafique Majhi၊ FB Nurbanu စသည့် သင်္ဘောများဖြစ်ပြီး ကျန်သင်္ဘောများမှာ Barguna ခရိုင်က ဖြစ်သည်။
၎င်းငါးဖမ်းသင်္ဘော ၁၁ စီးသည် ဩဂုတ် ၁၉ ရက် သောကြာနေ့ မွန်းလွဲ ၁၂ နာရီမှ ည ၁၀ နာရီကြား တွင် ဘင်္ဂလား ပင်လယ်အော်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် နစ်မြုပ်ခဲ့သည်။
-----------------
(မုန်တိုင်းငယ် သတင်း)
ရခိုင်ကမ်းရိုတန်းအနီး ဖြစ်ပေါ်ခဲ့သော အားကောင်းသော မုန်တိုင်းငယ်သည် (Deep Depression) ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယ နိုင်ငံ၊ ဂျက်ခန်း ပြည်နယ်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် ဆက်လက်တည်ရှိနေကြောင်း မြန်မာ မိုးဇလမှ ယနေ့ နေ့လယ် ၁၂ နာရီက သတင်းထုတ်ပြန်သည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ ဂျက်ခန်း ပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်ပြီး၊ နောက် (၂၄)နာရီအတွင်း မဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။