ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်တွင် ဓါးခုတ်မှုဖြစ်၍ လူတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 3.5k

နောင်ခိုင်အောင် | ဘူးသီးတောင်၊ ဇွန်၊ ၁၈/ ၂ဝ၁၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စက်ခေါ်ကျေးရွာတွင် ဇွန်လ ၁၆ ရက်နေ့ ည ၈ နာရီအချိန်က ဓါးခုတ်မှု ဖြစ်ပွား၍ အသက် ၄၃နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ စက်ခေါ်ကျေးရွာနေ အဘ ဦးခင်အောင်ကျော်၏သား ဦးသန်းကျော်ဝင်း (၄၃) နှစ်ဖြစ်ကြောင်း သိရသည်။

“လမ်းမှာဖြစ်တာပါ။ ရွာထဲကလမ်းမှာ ပွဲချင်းပြီးသေသွားပါတယ်။ သေသွားတာက သန်းကျော်ဝင်းပါ။ ကျွန်တော်တို့သိသလောက်တော့ ခုတ်တဲ့လူ ကျော်အေးထွန်းက  င/လှမ်းပြင်ရွာဘက်ကနေ ကျွန်တော်တို့ရွာ ဘုတ်ဆိပ်ကနေပြီးတော့ ရွာထဲကို ဆဲပြီးတော့ ဝင်လာတယ်။ အဲလိုဝင်တော့ သန်းကျော်ဝင်းကို တွေ့တာနဲ့ ဓါးနဲ့ လှမ်းခုတ်တာလို့ ပြောပါတယ်။ ဘာရန်ငြိုးရန်စမှ မရှိဘူးလို့တော့ သိရပါတယ် ” ဟု စက်ခေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

အခင်းဖြစ်ပွားချိန်မှာ ဇွန်လ ၁၆ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်တွင် ဖြစ်သည်ဟု သိရသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး ညောင်ချောင်းနယ်မြေ ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိ တစ်ဦးက “တရားခံက အခင်းဖြစ်တဲ့နေ့မှာပဲ ထွက်ပြေးသွားပါတယ်။ တရားခံကို ဖမ်းမိဖို့အတွက် ကျွန်တော် အမာခံသတင်းပေးတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

သေဆုံးသူ ဦးသန်းကျော်ဝင်းမှာ ဘယ်ဘက်နားအထက်တစ်ချက်၊ ညာဘက်မျက်နှာတွင် ၃ ချက် ဒဏ်ရာရရှိခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့သသည်ဟု သိရသည်။

လက်ရှိတွင် တရားခံ ကျော်အေးထွန်းအား လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

ဆက်စပ် သတင်းများ