ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နယ်တွင် စက်လှေနစ်မြုပ်၍ အသက်(၂ဝ)အရွယ်အမျိုးသမီးငယ်တစ်ဦးသေဆုံး၊၂ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 3.6k



ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကလိန်တောင်မြစ်တွင် ဇူလိုင်လ ၅ ရက် နေ့လယ် ၂ နာရီခန့်က စက်လှေတစ်စီးနစ်မြုပ်ရာမှ အသက်(၂ဝ) အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မနန္ဒာအောင် (၂ဝ) နှစ်ဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ဦးငစလုံး (၃၂) နှစ်နှင့် ကိုနေအောင်ကို (၂၂) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်လှေတွင် ခရီးသည် မ ၁ ဦးနှင့် ကျား  ၆ ဦး၊ စုစုပေါင်း ၇  ဦးလိုက်ပါလာပြီး တောင်ကုတ်မြို့မှ   ရမ်းဗြဲမြို့နယ် စကုကျွန်းသို့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က ထွက်ခွာလာရာ တောင်ကုတ်မြို့နယ်  ဖောင်းခါးကျေးရွာနှင့် ရမ်းဗြဲမြို့နယ် စကုကျွန်းအကြား ကလိန်တောင်မြစ်သို့အရောက်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ စက်လှေတော့  အကြီးမဟုတ်ပါဘူး။  အငယ်ပေါ့။ အဲစက်လှေက နှစ်ရက် သုံးရက်လောက်တစ်ကြိမ် ဒီတောင်ကုတ်နဲ့ စကုကျွန်းကို ခရီးသည် တင်ပို့နေတာပါ။ ရာသီဥတုဒဏ်ကြောင့် အခုလိုဖြစ်တာပါ။ အသက်ရှင်ပြီး တွေ့တဲ့  ၄ ယောက်မှာ ၂ ယောက်က ရမ်းဗြဲမြို့နယ် ငါးသိုင်းချောင်းရဲ့ အဝနားမှာ တွေ့တယ်။ နောက် ၂ ယောက်က စကုကျွန်းရဲ့ မြစ်ကမ်းနားမှာ  ၂ ယောက်တွေ့တယ်။ သေတဲ့ အမျိုးသမီးကိုတော့ ရမ်းဗြဲကျွန်းရဲ့ မော်ဖျားဘက်က ရှာတွေ့ခဲ့တာပါ ”ဟု ရမ်းဗြဲမြို့နယ် စကုကျွန်း ငဲသမုတ်ကျေးရွာမှ ကိုမြင့်ဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသူများမှာ စကုကျွန်းမှ ဦးဦးလှဝင်း (၅၄)နှစ်၊ ဦးဦးထွန်းနု (၅၇)နှစ်၊ ကိုတင်ကိုထွေး (၂ဝ) စက်လှေပိုင်ရှင် ဦးသောင်းထွန်း (၅၆)နှစ်တို့ ဖြစ်ကြသည်။

ပျောက်ဆုံးနေသူ ဦးငစလုံးနှင့် ကိုနေအောင်ကိုတို့ ၂  ဦးကို ဆက်လက် ရှာဖွေနေကြောင်း ရမ်းဗြဲမြို့မီးသတ်ဌာနမှ ဒုဦးစီး ဦးဥာဏ်လင်းဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
 
“၄ ယောက်ကတော့ အသက်ရှင်ပြီး ရှာဖွေကယ်ဆယ်လို့ရတာပါ။ ကျန်ပျောက်နေတဲ့ နှစ်ယောက်ကို ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေးပိုင်းက ဆက်ရှာနေပါတယ် ”ဟု ၎င်းက ပြောသည်။

ယင်းဖြစ်စဉ်တွင် သေဆုံးသူ  အမျိုးသမီးအလောင်းအား ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(ဓာတ်ပုံ- လိူင်းထန်နေသော ရခိုင်မှ မြစ်ပြင်တစ်နေရာ)

ဆက်စပ် သတင်းများ