သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင် ဇူလိုင်လပထမအပတ်အတွင်း စက်လှေနစ်မြုပ်မှု ၃ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ၆ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 9.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၁ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၌ ယခုနှစ် ဇူလိုင်လ ပထမအပတ်အတွင်း ရာသီဥတု ဆိုးရွားမှုကြောင့် စက်လှေနစ်မြုပ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၆ ဦးအထိ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသွားသူများမှာ ဇူလိုင်လ ၅ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၌ ၃ ဦး၊ ဇူလိုင်လ ၇ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၌ ၁ ဦးနှင့် ပေါက်တောမြို့နယ်၌ ၂ ဦး၊ စုစုပေါင်း ၆ ဦးဖြစ်သည်။

ဇူလိူင် ၈ ရက်နေ့က ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာမှ ငါးဖမ်းစက်လှေ တစ်စီး နစ်မြုပ်သွားခဲ့ပြီး ပျောက်ဆုံးနေသူနှစ်ဦး၏ အလောင်းများအား ဇူလိူင် ၉ ရက်နေ့က တစ်လောင်း၊ ဇူလိူင် ၁ဝ ရက်နေ့က တစ်လောင်း ရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၇ နာရီအချိန်က ကျောက်ဖြူမြို့နယ်၊ ရွာကြီးကျေးရွာ၊ ကင်းကူးတို့ဆိပ်အနီးတွင် လေပြင်း တိုက်ခတ်မှုကြောင့် သပြေဆိပ်ကျေးရွာနေ ဦးဘစိန် မောင်းနှင်ပြီး ခရီးသည် (၂ဝ)ဦး လိုက်ပါလာသော စက်လှေသည် စက်လှေ နစ်မြုပ်ခဲ့ပြီး ရမ်းဗြဲမြို့နယ် သပြေဆိပ်ကျေးရွာမှ  ဦးမောင်ဝေသာ(၆၁) နှစ် သေဆုံးခဲ့သည်။

ဇူလိုင်လ ၅ ရက် နေ့လယ် ၂ နာရီခန့်က ရမ်းဗြဲမြို့နယ်၊ ကလိန်တောင်မြစ်တွင် စက်လှေတစ်စီးနစ်မြုပ်ရာမှ အသက်(၂ဝ) အရွယ် အမျိုးသမီးငယ် တစ်ဦး အပါအဝင် လူ ၂ ဦးသေဆုံးခဲ့သည်။

ယခုကဲ့သို့ ဖြစ်ပွားနေမှုမှာ စက်လှေများတွင် အသက်ကယ်အင်္ကျီ (Life Jacket) ဆောင်ထားမှု အားနည်းသည့် အတွက်ဖြစ်ရကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဦးရဲမင်းဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“အသက်ကယ် အင်္ကျီ ဝတ်တာတွေ လိုက်နာမှု အားနည်းတယ် ဆိုတာက  ကျွန်တော်တို့ဒေသအနေနဲ့ နဂိုမိရိုးဖလာ ချောင်းတွေ၊ မြောင်းတွေထဲမှာ ရေလုပ်ငန်းကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ အနေထားဖြစ်တဲ့အတွက် ဒီလိုက်နာမှု အားနည်းတာတွေလည်း ရှိကြပါတယ်”ဟု ဦးရဲမင်းဦးက ပြောသည်။

ရခိုင်ပြည်နယ်သည် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ ပေါများသည့်အတွက် ရေလမ်းခရီးကို အဓိကထားကာ သွားလာနေကြရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း စက်လှေများနစ်မြုပ်မှုဖြစ်ပေါ်လာလျှင် လူသေဆုံးမှုဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်ရေးအတွက် မည်သို့ မည်ပုံဆောင်ရွက်သွားမည်ကို သိရှိလို၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ  ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ၂ဝ၁၈ ခုနှစ်က ရခိုင်မြို့နယ်အချို့တွင် အသက်ကယ် အင်္ကျီများ ပေးခြင်းနှင့် ရာသီဥတုဆိုးရွားသည့် အသိပညာပေးခြင်းများကို လုပ်ဆောင် ပေးခဲ့ပြီး ယခုနှစ်တွင်လည်း လူထုကို အသိပညာပေးခြင်းများ ပြုလုပ်သွားရန်အစီအစဉ်ရှိကြောင်းလည်း သိရသည်။

(ဓာတ်ပုံ- စက်လှေနစ်မြုပ်၍ ပျောက်နေသူမျာကို မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ရှာနေကြစဉ်/Rakhine Fire Force)

ဆက်စပ် သတင်းများ