ဂွမြို့နယ်တွင် စက်လှေနစ်မြုပ်၍ လူ ၂ ဦးပျောက်ဆုံးနေ


ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ချောင်းသာကြီးကျေးရွာတွင် စက်လှေနစ်မြုပ်၍ လူ ၂ ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဂွမြို့ တစ်ဖက်ကမ်းရှိ ချောင်းသာကြီးကျေးရွာမှ စက်လှေဖြင့် ကွမ်းညွှန့်ခူး၍ ဂွမြို့သို့ ပြန်လာစဉ် ချောင်းသာကြီးကျေးရွာအုပ်စု အုန်းပင်ချောင်းဝအနီးတွင် ယနေ့ နေ့လယ် ၂ နာရီခန့် အချိန်တွင် စက်လှေနစ်မြုပ်သွား ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ဂွမြို့ရဲစခန်းမှ ဒုရပ်အုပ် အောင်ဖြိုးဝေက နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

 “ကျွန်တော်တို့လည်း မနေ့က ညနေ ၅ နာရီလောက်ကပဲ သိရတာပါ။ ပျောက်နေတဲ့ ၂ ယောက်ကို ရှာနေတာ ခုထိမတွေသေးပါဘူး။ ပင်လယ်မှာလည်း လှိုင်းကတအားကြီးနေတာဗျ။ အခုဒီဘက်မှာ ရာသီဥတုအရမ်းဆိုးရွားနေပါတယ်”ဟု ဒုရပ်အုပ် အောင်ဖြိုးဝေက  ပြောသည်။

အဆိုပါ စက်လှေတွင် စီးနှင်းလိုက်ပါလာသူများမှာ ချောင်းသာကြီးကျေးရွာအုပ်စု ကျောက်တန်း ကျေးရွာမှ ဦးလှမြင့်(၄၅)နှစ်၊ စက်လှေ မောင်းသူ မောင်အေးမင်းထွန်း(၂၇)နှစ်နှင့် ဂွ မြို့ပေါ်  ရွာမရပ်ကွက်မှ ဦးဇော်နိုင်ဦး (၃ဝ)နှစ် တို့ဖြစ်ကြောင်း သိရသည်။

ဂွမြို့ရှိ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က “သူတို့က ကွမ်းခြံကို ကွမ်းညွှန့်သွားချိုးကြတာ။ ဂွမြို့ပေါ်ကို အလာ လမ်းမှာ ရာသီဥတုဒဏ်ကြောင့် အဲဒီလှေထဲ ရေဝင်ပြီး လှေနစ်သွားတာပါ။ အဲဒီထဲက ကျွန်တော်တို့ ရပ်ကွက်က တစ်ယောက်ကတော့ တစ်ဖက်ကမ်းကို ကူးနိုင်ခဲ့လို့ အသက်ရှင် ကျန်ခဲ့တယ်။ ကျန် နှစ်ယောက်က ရှာမတွေ့သေးပါဘူး”ဟု ပြောသည်။

၄င်းတို့ ၃ ဦးမှာ စက်လှေနစ်မြုပ်ချိန်တွင် ဦးဇော်နိုင်ဦးသာမှာ ချောင်းတစ်ဖက်ကမ်းသို့ ကူးခတ်ရောက်ရှိကာ အသက်ရှင်ခဲ့ရကြောင်း၊ ကျန် ၂ ဦးမှာ ပျောက်ဆုံးလျှက်ရှိ၍ ဂွမြို့နယ်မီးသတ်ဌာနမှ တာဝန်ရှိသူများအပါအဝင် ဂွမြို့ရဲစခန်းမှ တာဝန်ရှိသူများပါ ရှာဖွေကယ်ဆယ်ရေးများလုပ်နေကြောင်း သိရသည်။

အလားတူ ယခုနှစ် ဇူလိုင်လအတွင်း ရမ်းဗြဲ၊ ကျောက်ဖြူ၊ ပေါက်တောမြို့နယ်တို့တွင်လည်း စက်လှေနစ်မြစ်မှု ရှိခဲ့ပြီး လူ ၆ ဦးအထိ သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။

Share: