ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပျောက်ဆုံးနေသည့် ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အလောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

နောင်ခိုင်အောင်
ကျောက်တော်၊ သြဂုတ် ၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ပျောက်ဆုံးနေသည့် ဆင်အိုးချိုင် အုပ်ချုပ်ရေးမှူးနှင့် သာဒါဆိပ်ရာအိမ်မှူး အလောင်းများကို သြဂုတ် ၅ ရက်နေ့က အသီးသီးရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်း ရရှိသည်။

ပျောက်ဆုံးနေသည့် ဆင်အိုးချိုင်ကျးရွာမှ ယာယီ အုပ်ချုပ်ရေးမှူး ဦးသန်းမောင် (၅၅) နှစ် (ဘ) ဦးမောင်ကျော်၏  အလောင်းအား ကျောက်တော်မြို့နယ် စံပယ်လှကျေးရွာအနီး ကစ္ဆပ နဒီမြစ်ကမ်းပါးတွင် သြဂုတ်လ ၅ ရက် ညနေ ၆ နာရီခန့်အချိန်တွင် တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

“ တွေ့တာက မြစ်ထဲမှာ ဆာလာအိတ်နဲ့ ထုတ်ပြီး အလောင်းကို တွေ့တာပါ။ ဒီကစ္ဆပနဒီ မြစ်ကမ်းနားက တွေ့တာပါ။ ဘယ်လိုဖြစ်လို့ သေတယ်၊ ဘယ်ပြဿနာကြောင့် သေတယ် ဆိုတာကိုတော့ မသိဘူး။ မြို့နယ်ထွေအုပ်ရုံးကိုသွားပြီးတော့ အုပ်ချုပ်ရေးမှူး တံဆိပ်ကို သွားယူတယ်။ အဲဒီနောက်ပိုင်းမှာ အသတ်ခံရတယ်လို့ဘဲ သိရပါတယ်။ ဘယ်လိုဖြစ်တယ် ဆိုတာကိုတော့မသိဘူး”  ဟု ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ် ၅ ရက်နေ့ မနက်ပိုင်းကလည်း သာဒါဆိပ်ကျေးရွာ ရာအိမ်မှူး ဦးမောင်ဝင်နိုင် (၃၄) နှစ်၏ အလာင်းအား အဆိုပါကျေးရွာအနီး မြစ်ကမ်းပါးတွင် ကြိုးတုတ်လျက် တွေ့ရှိခဲ့ကြောင်း၊ သူ့၏ အလောင်းတွင် ထိုးသွင်းဒဏ်ရာများတွေ့ရှိရသည်ဟု မျက်မြင်များက ပြောသည်။

၎င်းကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဦးသည် သြဂုတ်လ ၃ ရက် မွန်းလွဲပိုင်းက ဆင်အိုး မူဆလင်ကျေးရွာ အတွင်း အိမ်ထောင်စု စာရင်းများ ကောက်ယူပြီး အပြန်တွင် ပျောက်ဆုံး သွားခဲ့သည်ဟု သိရသည်။ 

“ ကျနော်တိို့ လွတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောချင်တာကတော့ မင်းမဲ့စရိုက်ဆန် လာတယ်။ ဥပဒေစိုးမိုးမှုတွေကလည်း တော်တော်အားနည်းလာတယ်။ အတ္တတွေများလာ ကြတယ်။ ဥပမာ အရင်တုန်းက အုပ်ချုပ်ရေးမှူးနဲ့ ပြိုင်ခဲ့တဲ့ ဆန့်ကျင်ဖက်အဖွဲ့တွေလည်း အခြေအနေအပေါ် မူတည်ပြီးလည်း လုပ်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ အားလုံး ခြုံငုံ ကြည့်ရင်တော့ တရားဥပဒေ စိုးမိုးရေး လျော့နည်းသွားသလို အုပ်ချုပ်ရေးယန္တရားကလည်း ယိုင်လဲသွားတဲ့ သဘောမျိုး ရှိပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်(ခ)မောင်မောင်က ပြောသည်။

အဆိုပါ လူသေမှုကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့မရဲစခန်းကို ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဆက်သွယ်ရာတွင်လည်း ဖုန်းမအားသေးသဖြင့် လက်ခံ ဖြေဆိုခြင်းမရှိသေးပါ။

ရခိုင်ပြည်နယ်အတွင်း ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်လျက်ရှိရာ ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီ အချိန်ခန့်ကလည်း  မြေပုံမြို့နယ် ပေါက်တူးတောင် ကျေးရွာတွင် ဦးမောင်ဘကျန် (၆ဝ)နှစ် နှင့် သားမက်ဖြစ်သူ ကိုဆန်းဝင်းထွန်း (၂၆) နှစ် အမည်မသိ လက်နက်ကိုင် ၃ ဦးက နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ပစ်သတ်သွားခဲ့သလို ဇွန်လ ၁၈ ရက်ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီး ကျေးရွာနေ အလယ်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးဖြစ်သူ ဦးသန်းမောင်ချေသည် နေအိမ်အတွင်း ဗီဒီယို  ထိုင်ကြည့်နေစဉ် အမည်မသိ သေနတ်သမား တစ်ဦးက လုပ်ကြံသတ်ဖြတ်သွားခဲ့သည်။

ယခုကဲ့သို့ အခြေအနေများကြောင့် ကျောက်တော်မြို့နယ်မှ ရပ်ကျေး အုပ်ချုပ်ရေးမှူးများမှာ သူတို့ လုံခြုံရေးကို စိုးရိမ်သဖြင့် ပထမ အကြိမ်  ၄၈ ဦး နုတ်ထွက်စာတင်ခဲ့ကြပြီးနောက် ဒုတိယအသုတ်အနေဖြင့် ၁၈ ဦးတို့ နုတ်ထွက်စာတင်ခဲ့သည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ