ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် ယာဉ်တိုက်ခံရ၍ ကျောင်းသား (၂) ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.4k

နီမင်းထွန်း
နိရဥ္စရာ ၊ သြဂုတ်၂ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက် ၊ လမ်းမကြီး ၊ Myanmar C.P live stock ကုမ္ပဏီရှေ့လမ်းပေါ်တွင် သြဂုတ်လ ၁၈ရက်နေ့ ညဉ့် ၁၁ နာရီ ၃ဝ အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား၍ ကျောင်းသားနှစ်ဦးသေဆုံးသွားခဲ့သည်။

သေဆုံးသွားသူမှာ စစ်တွေအ.ထ.က (၂) မှ နဝမတန်းကျောင်းသားများဖြစ်ကြသည့် မောင်သန်းထွန်းအေး (၁၅) နှစ်နှင့် မောင်ဥာဏ်လင်း (ခေါ်)ရဲရဲ (၁၅) နှစ် တို့ဖြစ်ကြသည်။

မောင်သန်းထွန်းအေး အဖဖြစ်သူက  “ ညနေ ၆နာရီလောက်မှာ သူငယ်ချင်းအိမ်ကို သွားမယ်လို့ ပြောသွားတယ်။  ၉ နာရီ ၃ဝလောက်မှာ ဖုန်းဆက်ကြည့်တော့လည်း လမ်းမှာ ဗိုက်ဆာလို့ ကဘားဝင်စားနေတယ်၊ ခဏနေရင် ပြန်လာတော့မည် လို့ပြောသေးတယ်။ ဒါပေမဲ့ ရောက်မလာဘူး။ ကျွန်တော်က စိတ်ပူလို့ ၁ဝနာရီကျော်လောက် ဖုန်းပြန်ဆက်ကြည့်တော့ ဖုန်းစက်ပိတ်ထားတယ်တဲ့။ ဖုန်းဆက်လို့မရတော့ဘူး။ ၁၁နာရီကျော်လောက်မှာ လူနာတင်ကား သွားတာကြားတော့ကြားတယ်။ ဒါပေမဲ့ ကိုယ့်သားဖြစ်တယ်လိ်ု့မထင်ဘူး။ သူ့သူငယ်ချင်းအိမ်မှာပဲ အိပ်နေလိမ့်မည်လို့ ထင်ခဲ့တာပေါ့။ မနက်မိုးလင်းတော့မှ ရဲက ကျနော့်ကို ဖုန်းဆက်တယ်။ ကျနော့်သား ဆေးရုံမှာ ၃နာရီလောက်ကဆုံးတယ်တဲ့ ။ ကျနော့်သားရဲ့ သူငယ်ချင်း ရဲရဲကတော့ ကားတိုက်ခံရတဲ့နေရာမှာ ပဲဆုံးသွားတယ် လို့ပြောတယ် ။ ကျနော့်သားကို ကားနဲ့တိုက်သွားတဲ့ တရားခံကို အမြန်ဆုံး ဖမ်းဆီးပေးစေချင်တယ်။ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ပေးစေချင်တယ်” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

၎င်းကျောင်းသားလူငယ် ၂ ဦးသည် Honda Wave 100  အမျိုးအစား ခဲ/နက်ရောင် ဆိုင်ကယ်သည် တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာစဉ် လားရာတူ လမ်းမကြီးအတိုင်း တောင်မှ မြောက်သို့ အမည်နေရပ်လိပ်စာမသိ ယာဉ်နံပတ် စုံစမ်းဆဲ အမျိုးသား တစ်ဦး မောင်းနှင်လာသော Dump Truck အပြာရောင် ယာဉ်မှ ၎င်းနှစ်ဘီးဆိုင်ကယ်အား နောက်မှ ဝင်ရောက်တိုက်မိပြီးထွက်ပြေးသွားခဲ့သည်ဟု ရဲအုပ် နေလင်းဦး (လ-၂ဝ၂၆၈၂)  အမှတ်(၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါအမှုအား တာဝန်ယူဆောင်ရွက်နေသော အမှတ်(၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့မှူးရုံးမှ လ-၂ဝ၂၆၈၂ ရဲအုပ် နေလင်းဦးအား ဆက်သွယ်စုံစမ်းမေးမြန်းရာမှာတော့ ရဲအုပ်နေလင်းဦးက “အခုဖြစ်သွားတဲ့ အမှုကိစ္စကို ရပ်ကွက်လူကြီးတွေ ၊ ပြည်သူတွေနဲ့ပူးပေါင်းပြီး တရားခံကိုအမြန်ဆုံး ဖမ်းမိအောင် စုံစမ်းစစ်ဆေးနေတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ကား၊ ဆိုင်ကယ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး သေဆုံးမှုများရှိနေသော်လည်း ယာဉ်တိုက်သူ တရားခံများကို ဖမ်းဆီးရရှိမှု မရှိသလောက်နည်းပါးကြောင်း စစ်တွေဒေသခံကိုလင်းချေက ပြောသည်။

ဆက်စပ် သတင်းများ