သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့လယ်ခေါင်မှ နေအိမ်တစ်လုံး အနုကြမ်းစီးခံရပြီး အိမ်ရှင်အမျိုးသမီးထံမှ လက်ဝက်လက်စားများလုယူခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.1k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁/၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့လယ်တွင် ယနေ့နံနက် အစောကြီးက နေအိမ်တစ်လုံးအား လူတစ်ဦးမှ အနုကြမ်းစီးပြီး အိမ်ရှင် အမျိုးသမီးကို ရိုက်နှက်ကာ လက်ဝတ် လက်စားများ လုယူသွားကြောင်း သတင်းရရှိသည်။

ရိုက်နှက်ခံလိုက်ရပြီး လက်ဝတ်လက်စားအလုခံလိုက်ရသည့်အမျိုးသမီးမှာ စစ်တွေမြို့လယ်ခေါင် ရပ်ကွက် တစ်ခုဖြစ်သော လမ်းမတော်တောင်ရပ်ကွက် အောင်ဇံဝေလမ်းသွယ်တွင်နေထိုင်သည့် ဒေါ်တင်တင်သန်း (၄၅ နှစ်)ဖြစ်သည်။

သူမသည် ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဆွမ်းချက်နေစဉ် အိမ်အတွင်းသို့ လူစိ်မ်းတစ်ဦး ခြံကျော်ဝင်လာပြီး သူမအား အနီးရှိ သံတုတ်တစ်ခုဖြင့် ရိုက်နှက်ကာ လက်ဝတ်လက်စားအချို့အား လုယူ သွားခြင်း ဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သိန်းက နိရဥ္စရာသို့ပြောသည်။

"သူက အိမ်မှာ သူ့သမီးလေးနဲ့နှစ်ယောက်တည်းနေတာ။ မနက်အစောက ဆွမ်းချက်ဖို့ ငရုပ်သီးထောင်းနေချိန်မှာ နောက်က လူတစ်ယောက်ဝင်လာပြီးတော့ အခုလိုလုပ်သွားတာ။ လက်ဝတ်လက်စားတွေကို ဆွဲချွတ်ပြီး ရိုက်နှက် ယူသွားတော့။ အခုတော့ သူ့ကို ဒဏ်ရာပြင်းလို့ ဆေးရုံပို့ထားရတယ်"ဟု လမ်းမတော်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သိန်းက ဆိုသည်။

ယခုဖြစ်စဉ်ကြောင့် ဒေါ်တင်တင်သန်းဝတ်ဆင်ထားသည့် ရွှေချိန် ၃ ကျပ်ရှိ ဆွဲကြိုးတစ်ပင်၊ ရွှေချိန် ၂ ကျပ်ရှိ လက်ကောက်တစ်ကွင်းနှင့် ရွှေချိန် ၅ မူးသားရှိ လက်စွပ်တစ်ကွင်းတို့ အလုခံလိုက်ရပြီး နောက်စေ့နှင့် မျက်နှာတို့တွင် ပြင်းထန်ဒဏ်ရာများရရှိသွားကြောင်းလည်း  လမ်းမတော်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သိန်းက နိရဥ္စရာကိုပြောသည်။

"ရိုက်နှက်ပြီး လုသွားတဲ့လူကိုတော့ သေသေချာချာမမှတ်မိလိုက်ဘူးလို့ ပြောတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ မျက်နှာအရှည်နဲ့ အဲလောက်ပဲ မှတ်မိလိုက်တယ်လို့ပြောတယ်။ ကျနော်တို့ CCTV မှာ ကြည့်တော့ ဖြစ်စဉ်ဖြစ်ပြီးနောက် ၅ နာရီ ၁ မိနစ်မှာပေါ်နေတာက အဲဒီနားမှာ မိုးကာအင်္ကျီ အရှည် ခေါင်းကနေ ဝတ်ထားတဲ့လူတစ်ယောက် ခပ်မြန်မြန်သွားနေတာတွေ့တယ်။ သေချာတာကတော့ ဒီလူဟာ ကျနော်တို့ရပ်ကွက်ကမဟုတ်ဘူး။ တခြားရွာ/ ရပ်ကွက်ကပဲဖြစ်ရမယ်"ဟု ဦးမောင်ကျော်သိန်းက ဆိုသည်။

အခင်းဖြစ်ပွားချိန်တွင် ဒေါ်တင်တင်သန်း၏ ၁၈ နှစ်ခန့်ရှိပြီဖြစ်သော သမီးငယ်မှာ အိမ်အပေါ်တွင် နေချိန်တွင်ရှိနေခဲ့ကြောင်းလည်း သိရသည်။

"လုံးထွေးနေကြတော့ ဒေါ်တင်တင်သန်းက အော်ချိန်မရလိုက်တဲ့အတွက် အခုလို ကြီးကြီးမားမားဖြစ်သွားတာပါ။"ဟု ရပ်ကွက်သားတစ်ဦးဖြစ်သူ ကိုကျော်ဇေဟိန်းက ပြောသည်။

အဆိုပါရပ်ကွက်တွင် ယခုကဲ့သို့ဖြစ်စဉ်မျိုးမရှိဘူးဘဲ ယခုကဲ့သို့ ဖြစ်ပွားသွားသည့်အတွက် ရပ်ကွက်၏ လုံခြုံရေးပိုင်းကို ရပ်ကွက်သူ၊ ရပ်ကွက်သားများက စိုးရိမ်နေကြသည်ဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ်(၂)ရဲစခန်းတွင် အမှုဖွင့်ရန်စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ