ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေပစ်ခတ်မှုအတွင်း ဒဏ်ရာပြင်းထန်စွာရရှိသူ အေးငြိမ်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကို ရန်ကုန်သို့ ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.1k

ချစ်အိလှိုင်၊စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၅/၂ဝ၁၉

ယမန်နေ့ညက သေနတ်ပစ်ခံရ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူ အေးငြိမ်း ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးညီညီ (၄၄) နှစ်ကို စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ယနေ့ နေ့လယ်က ယူဆောင်သွားခဲ့သည်။

ယမန်နေ့ ညက စစ်တွေမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း  ဦးညီညီနှင့် သုံးဘီးမောင်းသူ ကိုညီညီနိုင်တို့ ဒဏ်ရာရရှိခဲ့သည်။ ဦးညီညီတွင် လည်ပင်းကို ကျည်ဆံဖောက်ဝင်သွားသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသဖြင့် စစ်တွေဆေးရုံမှ ရန်ကုန်သို့  အရေးပို့ဆောင်လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒီကနေ့ အောက်တို ဘာလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲမှာ  စစ်တွေကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပို့ဆောင်လိုက်ရပါတယ်” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့ ည ၁ဝ နာရီကျော်က အေးငြိမ်းဆောက်လုပ်ရေးပိုင်ရှင်  ဦးညီညီသည် အေးငြိမ်းဆေးခန်းမှ ကိုညီညီနိုင်(၃၁)နှစ် မောင်းနှင်သော သုံးဘီးဖြင့် အိမ်သို့ပြန်လာစဉ် အမည်မသိသေနတ် သမားများက ဆိုင်ကယ်ဖြင့် ကပ်ပြီးလိုက်ပါလာပြီး ကျောင်းတက် လမ်းရပ်ကွက်၊ အေးယား မန္တလေး လေယာဉ်လက်မှတ် အရောင်းဌာနရှေ့အရောက်တွင် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် အေးငြိမ်းဆောက်လုပ်ရေးပိုင်ရှင် ဦးညီညီတွင်  လည်ပင်းကို ကျည်ဆံဖောက်ဝင်သွားပြီး သုံးဘီးမောင်းသမား ကိုညီညီနိုင်တွင် ဘယ်ဘက်ပေါင်ကို ကျည်ဆံထိမှန်ခဲ့သည်ဟု သိရသည်။

၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ညကလည်း စစ်တွေမြို့ဝင်္ကဘာကွင်းတွင် စရဖတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည့် တပ်ကြပ်ဝင်းထိုက်(ခေါ်)ကိုဖိုးလုံးမှာ သေနတ်ဖြင့်ပစ်သတ်ခံရပြီးသေဆုံးခဲ့သည်။


ဆက်စပ် သတင်းများ