သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်ရှိ စီးပွားရေးဘဏ်မှ သိန်း နှစ်ထောင်ကျော် လုယူခံရမှု ဘဏ်ဝန်ထမ်း ၄ ဦး အမှုဖွင့်စစ်ဆေးခံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂ / ၂ဝ၁၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ငွေကျပ်သိန်း နှစ်ထောင်ကျော် လုယူခံရမှုနှင့်ပတ်သက်ပြီး ဘဏ်ဝန်ထမ်း ၄ ဦး အမှုဖွင့်စစ်ဆေးခံနေရကြောင်း သိရသည်။

ကျောက်တော်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်မန်နေဂျာအပါအဝင် ဘဏ်ဝန်ထမ်း ၄ ဦးကို ကျောက်တော်မြို့မ ရဲစခန်းတွင် လုယက်မှုကြီးဥပဒေပုဒ်မ ၃၉၄ / ၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ရဲက အမှုဖွင့်ထားတယ်။ ရဲလုပ်ငန်းအရ လုပ်တာပေါ့လေ။ အမှု ပေါ်အောင်ပေါ့။"ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးပထမတန်း ဒုရဲမှူးကြီး မောင်မောင်စိုးက နိရဥ္စရာကိုပြောသည်။

အမှုဖွင့် စစ်ဆေးခံနေရသူ ၄ ဦးမှာ ၁။ မန်နေဂျာ (မ) ၂။  ဒု - မန်နေဂျာ (မ) ၃။ ငွေကိုင် (ကျား) ၄။ ညစောင့် (ကျား)တို့ ဖြစ်ကြသည်။

ကျောက်တော်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းအချို့သည် ကျပ်သိန်းပေါင်း ၂၁ဝဝ ပါသည့်ငွေသေတ္တာနှစ်လုံးကို နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၆  နာရီခန့်က ရဲစခန်းငွေတိုက်သို့အပ်နှံရန် ဆိုက်ကားဖြင့်သွားခဲ့သည်ဟု သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့အရောက်တွင် နှာခေါင်းစည်းတပ်ထားသည့်လူနှစ်ဦးက ဘဏ်ဝန်ထမ်းများကို သေနတ်ဖြင့် ထောက်ကာ ငွေများအား သုံးဘီးတစ်စီးပေါ်တင်၍ ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူအား ဖမ်းမိနိုင်ရေး ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

-------------------------

Unicode:











ဆက်စပ် သတင်းများ