ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် ရေတပ်အငြိမ်းစားဖြစ်သူတစ်ဦးနှင့်ဖခင်ဖြစ်သူတို့ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 2.9k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၅/ ၂ဝ၂ဝ

ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာအုပ်စု၊ ကုန်ဘောင်ကြီးကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ရေတပ် အငြိမ်းစား စစ်မှုထမ်းဟောင်း ဖြစ်သူတစ်ဦးနှင့် ၎င်း၏ အသက် ၈ဝ အရွယ်ဖခင်တို့မှာ ဇွန်လတစ်ရက်နေ့ ကတည်းက ပျောက်ဆုံးနေပြီး ယနေ့ထက်ထိ မိသားစုဝင်များ အဆက်သွယ်မရ ဖြစ်နေသဖြင့် စိုးရိမ်နေကြောင်း ရပ်ရွာလူကြီးများက ပြောသည်။

၄င်းတို့ နှစ်ဦးမှာ ကုန်ဘောင်ကြီးကျေးရွာမှ ရေတပ်အငြိမ်းစား ဦးမောင်မောင်ညို (၄၆) နှစ်နှင့် ဖခင်ဖြစ်သူ ဦးဝေကျန်အောင် (၈၂) နှစ်တို့ ဖြစ်ကြသည်။ 

၎င်းတို့နှစ်ဦးသည်  ကျေးရွာမှ ၄မိုင်ခန့်ဝေးသော မြစ်ကမ်းစပ်သို့သွားစဉ် လမ်းတွင် ပျောက်သွားခြင်း ဖြစ်ကြောင်း ဇင်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

ဦးထွန်းထွန်းဝင်းက “ မြစ်ကမ်းစပ်မှာ နိုင်လွန်ကြိုးခွေ တစ်ခွေမျောလာလို့ သူတို့သားဖက သွားဆယ်ဖို့ သွားကြတာ။ အဲဒါ လမ်းမှာ ပျောက်သွားတာ။ ည ၉ နာရီလောက်ကျမှ သူတို့ အိမ်ပြန်မရောက်လို့ လိုက်ရှာကြတာပေါ့။ သားဖြစ်သူမှာ ပါလာတဲ့ ဆိုင်ကယ်က မြစ်ကမ်းဘေးကနေ ၁၅ ပေလောက် အကွာမှာ လဲနေတယ်။ ဖခင်ဖြစ်သူမှာ ပါလာတဲ့ ခမောက်ကတော့ အဲဒီနားက လမ်းမှာ ကျတယ်နေတယ်။ အခုထိ မိသားစုဝင်တွေနဲ့လည်း အဆက်သွယ်မရသေးဘူး။ ဘာဖြစ်တာလဲ ဆိုတာလည်း မသိရဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

သားဖြစ်သူ ဦးမောင်မောင်ညိုမှာ ဓညဝတီရေတပ်စခန်း၌ တပ်ကြပ်ကြီးရာထူးနှင့် တာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိ အငြိမ်းစားယူထားသူဖြစ်ကြောင်းလည်း ဦးထွန်းထွန်းဝင်းက ဆက်ပြောသည်။

ကုန်ဘောင်ကြီးကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးမောင်ဝင်းလှိုင်က“သူတို့ကို မြစ်ကမ်းစပ်မှာ နိုင်လွန် ကြိုးတစ်ပင် ကမ်းစပ်ကို ရေနဲ့ မျောလာတာကို သူတို့ သားဖက သွားယူကြတာပါ။ ဘယ်ကနေ မျောလာတယ် ဆိုတာတော့ ဦးလေးတို့လည်း မသိဘူး။ သူ့အဖေကို မောင်မောင်ညိုက အဲဒီကြိုးကို သွားယူကြဖို့ပြောလို့ အဖေနဲ့ အတူ သွားရင်း ဇင်ချောင်းနဲ့ ကျောက်ကလေကြားမှာ လူတစ်စုက ဖမ်းသွားတယ်လို့ ကြားပါတယ် ”ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပျောက်သွားသူနှစ်ဦး၏ မိသားစုဝင်များက ရဲစခန်းတွင် တစ်စုံတစ်ရာ တိုင်ကြား ထားခြင်း မရှိသေးဘဲ ရွာသားများ ဝိုင်းဝန်းရှာဖွေနေကြကြောင်း ဦးထွန်းထွန်းဝင်းက ပြောသည်။

ပျောက်သွားသူ နှစ်ဦး၏ မိသားစုဝင်များနှင့်အဆက်သွယ်ရရန် နိရဥ္စရာမှ ကြိုးစားခဲ့သော်လည်း အဆက်သွယ် မရရှိသေးပါ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ၄င်းအနေဖြင့် အသေးစိတ်မသိရှိကြောင်း ပြောကြားသည်။


ဆက်စပ် သတင်းများ