- Web Master
- ၁၇ ဇွန် ၂၀၂၃
စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၉ /၂ဝ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများကို အပြင်းအထန် အရေးယူမည်ဟု သတိပေးစာများ ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။
၎င်းသတိပေးစာများကို မြောက်ဦးမြို့ လမ်းဆုံလမ်းခွများရှိ ဓာတ်မီးတိုင်များတွင် ကပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“ ဒီသတိပေးစာတွေကို လမ်းခွဆုံတွေမှာတော့ ကပ်ထားတယ်။ ဘယ်က ကပ်တာလည်းဆိုတာတော့ ကျွန်တော်လည်း အတိအကျ မပြောနိုင်ဘူး” ဟု မြောက်ဦးမြို့ဒေသခံ ကိုဆွေမျိုးလင်းက နိရဥ္စရာသို့ ပြောသည်။
ထိုသတိပေးစာတွင် “ ရခိုင်လူငယ်များ၏ အနာဂတ်အတွက် မြို့နယ်အတွင်း မူးယစ်စိတ်ကြွဆေးပြား ရောင်းချနေသူများနှင့် သုံးစွဲနေသူများကို အပြင်းအထန် အရေးယူဆောင်သွားမည်” ဟု ရေးသား ထားကြောင်း သိရသည်။
“ညက ညမထွက်ရဆိုတဲ့ သတ်မှတ်အချိန် လွန်ပြီးမှ တိုင်တွေမှာ လာကပ်တယ်လို့ သိရတယ်။အဲဒီမှာ ရေးထား တာကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေရော၊ မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးတဲ့ လူတွေရော ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ဆိုပြီးတော့ ရေးထားတာတွေ့ရပါတယ်”ဟု မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးထွန်းလှိုင်က နိရဥ္စရာသို့ ပြောသည်။
မြောက်ဦးမြို့ပေါ်နေရာတချို့တွင် မူးယစ်ဆေးဝါးသုံးစွဲထားသော ပစ္စည်းအစအန များကို သိသိသာသာ တွေ့ရှိရပြီး ဖော်ထုတ်နိုင်သည့် အနေအထားမရှိသည့်အတွက် ဒေသခံများက မခံမရပ်နိုင်ဖြစ်ပြီး အသိပေးစာ ကပ်ခြင်း ဖြစ်နိုင်ကြောင်း ဦးထွန်းလှိုင်က ဆက်ပြောသည်။
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO)စာရင်းဝင်ရေး အဆိုပြုလွှာမူကြမ်း MRAUK-U Nomination Dosseir For Inscription On the World Heritage List(2019)ကို စက်တင် ဘာလ ၂၅ ရက်နေ့က ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ရုံး UNESCO World Heritage Centre ကို တင်သွင်းခဲ့သည်။
“ဘယ်အဖွဲ့အစည်းက ကပ်လဲဆိုတာ ကျွန်မတို့ မသိဘူးပေါ့နော်။ကျွန်မတို့ အနေနဲ့ကျတော့ မြောက်ဦးနယ်မြေမှာပဲ ဖြစ်ဖြစ်၊ ရခိုင်ပြည်နယ်ဖြစ်ဖြစ်၊မြန်မာတစ်နိုင်ငံလုံး ဘယ်နေရာမှာမှ ဒီလူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာကို မလိုလားပါဘူး။ ဘာဖြစ်လို့ ဆိုတော့ အနာဂတ်ရဲ့ ကလေးတွေဟာ စာရိတ္တရေးရာပိုင်း ချို့ယွင်းတာ တော်တော့်ကို ရင်နာဖို့ ကောင်းပြီး၊ တိုင်းပြည်ရဲ့ အနာဂတ် လူမျိုးတစ်မျိုးရဲ့ အနာဂတ်ဟာလည်း တော်တော့်ကို ရင်လေးဖို့ ကောင်းတဲ့ အနေအထားပါ။ ဒါကတော့ မလုပ်သင့်တာပါလေ။ မြောက်ဦးကွက်ကွက်လေး ပြောမယ်ဆိုရင်တော့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဝင်မှ မဟုတ်ဘူး။ခရီးသွား ဧည့်သည်တွေလာတဲ့ အချိန်မှာ မူးယစ်ဆေးသုံးနေတာကို ဘုရားပုထိုးတွေကြားထဲမှာ သုံးနေတာကို မြင်သွားရင်လည်းပဲ သိက္ခာကျတယ်။ ကျွန်မတို့အနေနဲ့တော့ မူးယစ်ဆေးဝါး သုံးနေတာသည် မြောက်ဦး တစ်ကွက်တည်းမဟုတ်ဘဲနဲ့ ရခိုင်ပြည်သူပြည်သားအားလုံး၊ မြန်မာတစ်နိုင်ငံလုံး ကလေးတွေသုံးနေတာကို လုံးဝမလိုလားပါဘူး”ဟု မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဒေါ်ခင်သန်းက ပြောသည်။
ထိုသို့ သတိပေးစာများ ကပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့မ ရဲစခန်းမှူးကို ဆက်သွယ်မေးမြန်းရာ ရန်ကုန်ကို ရောက်ရှိနေကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းရာ ၄င်းတို့ အနေဖြင့် မသိရှိသေးကြောင်း ပြောကြားသည်။
----------------------------
Unicode:
နိရဉ်စရာ၊နိုဝငျဘာ ၂၉ /၂ဝ၁၉