မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ် ၂ဝ ကျော်ကို AA မှ မြောက်ဦးမြို့ထဲက ဖမ်းဆီးခေါ်ဆောင်သွားဟုဆို


ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဒီဇင်ဘာ ၁၇/၂ဝ၁၉

ရက္ခိုင့်တပ်တော် (AA) မှ ဒီဇင်ဘာ ၁၅ ရက်နေ့ ညဉ့်အချိန်က မြောက်ဦးမြို့ထဲသို့ ဝင်ရောက်လာပြီး မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ် ၂ဝ ကျော်ကို ဖမ်းခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

ယခု ဖမ်းဆီးခေါ်ဆောင်မှုသည် လွန်ခဲ့သည့် နိုဝင်ဘာလ အတွင်းက “ ရခိုင်လူငယ်များအနာဂတ်အတွက်----  မူးယစ်စိတ်ကြွဆေးပြား ရောင်းချနေသူများနှင့် သုံးစွဲသူများကို ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” သတိပေးစာများကို မြောက်ဦးမြို့ လူမြင်ကွင်းရှိ ဓာတ်မီးတိုင်များ၊ အဆောက်အဦးနံရံများတွင် ကပ်ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မိသားစုဝင် တစ်ဦးက ထိုသို့ ခေါ်ဆောင်သွားခြင်းကို အတည်ပြုပြီး ညဉ့်အချိန် မူးယစ်ဆေးဝါးသုံးစွဲသည့် နေရာများမှ ဒီဇင်ဘာ ၁၅ ရက် ညဉ့်အချိန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပြောကြားသည်။

“ မိဘ‌တွေက ပထမပိုင်းတော့ စိုးရိမ်ကြတာပေါ့။ နောက်ပိုင်းတော့ သူတို့ကို ဆိုဆုံးမဖို့ ခေါ်သွားတယ်လို့ သိရတယ်။ လေ့ကျင့်ရေးစခန်းလိုမျိုး အဲဒီနေရာတွေကို ပို့ပြီး ပြုစုပျိုးထောင်ပေးမယ်ဆိုပြီး သတင်းတွေကြားရတော့ မိဘတွေကတော့ ဝမ်းသာနေကြပါတယ်။ မိဘတွေလည်း ဆိုဆုံးမလို့ မရတဲ့ ကလေးတွေဆိုတော့ ခုလို လုပ်တာကို ကောင်းတယ်လို့ ပြောနေကြတဲ့သူတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ခေါ်ယူခံရသည့် လူငယ်များမှာတောင်ရပ်၊ ဘားဘူတောင်၊ ဆင်ချဆိပ်နှင့် အောင်မင်္ဂလာရပ်ကွက်တို့မှ ဖြစ်ကြသည်ဟု သိရသည်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောအားဆက်သွယ်ရာ  ၎င်းသတင်းကို ကြားသိရကြောင်း၊ မူးယစ်ဆေးဝါးမသုံးသူ အချို့လူငယ်များမှာ ပြန်ရောက်လာသည်ဟု ကြားရကြောင်း၊ အေအေတပ်ဖွဲ့ဝင်များက ညဉ့်အချိန် မြို့တွင်းသို့ မျက်နာဖုံးစွပ် ဝင်ရောက်လာပြီး မူးယစ်စိတ်ကြွဆေးပြားများ သုံးစွဲနေသည့်နေရာများမှ ၎င်းတို့ကို ခေါ်ဆောင်သွားသည်ဟု သတင်းရရှိကြောင်း ပြောကြားသည်။ 

ရက္ခိုင့်တပ်တော် (AA) ၏ ပြောခွင့်ရသူ ခိုင်သုခအား ဖုန်းဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြောက်ဦးခရိုင်ရဲမှူးသို့ ယနေ့နံနက်က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

မြောက်ဦးမြို့ လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးကလည်း ၎င်းသတင်းကို အတည်ပြုပြီး ၎င်းမူးယစ်ဆေးစွဲနေသူများကို ပြုပြင်ရန် ခေါ်ယူသွားသည်ဟု သိရှိရကြောင်း ပြောကြားသည်။

------------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၁၇/ ၂ဝ၁၉










Share: