သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ စိတ်ကြွဆေးပြားဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပြီးခဲ့သော  ရဲတပ်သားတစ်ဦးထံမှ ကာလတန်ဖိုးအားဖြင့် ငွေကျပ် ၁၄ဝဝဝ တန်ဖိုးရှိသော (WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား) မူးယစ်ဆေးအပြား ၇ဝ ကို ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဖမ်းဆီးရမိကြောင်း ကျောက်ဖြူမြို့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးသိန်းက ပြောသည်။

“ အဓိကတော့ ကျနော်က အရာရှိရပ်ကွက်ထဲက နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါးသတင်းအရ သက်သေတွေနဲ့ ဝင်ရှာတဲ့အခါမှာ ဆေးပြား (၄) ပြားနဲ့ တရားခံတစ်ယောက်တွေ့တယ်။ သူကို ကွင်းဆက် ဖော်ထုတ်တဲ့အခါမှာ နောက်ထပ်နှစ်ယောက်တွေ့တယ်။ သူတို့ဆီကတော့ ဆေးပြားမရပါဘူး။ အဲဒီဆေးပြား (၄) ပြား ရရှိတာကို ဆက်စပ်စစ်ဆေးကြည့်တော့ ကျောက်ဖြူရဲစခန်းက  ရဲသားတပ်လေး ရောင်းတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒီရဲတပ်သားကို သက်သေတွေရဲ့ရှေ့မှာ ခေါ်ယူမေးမြန်းကြည့်တော့ သူဆီက ဆေးပြား (၇ဝ) ဖမ်းဆီးရမိတာပါ ” ဟုပြောသည်။

ရဲတပ်သားထံမှ ဖမ်းဆီးရမိသော မူးယစ်ဆေးပြားမှာ အပြား (၃ဝ) ထက် များပြားနေသည့်အတွက် သူ့အား ရောင်းချသူအဖြစ်သတ်မှတ်ပြီး ၁၉ (က) ဖြင့် အမှုဖွင့်ထားကြောင်း၊  ၁၉ (က) ဥပဒပုဒ်မသည်  ထောင်ဒဏ် ၁ဝ နှစ် အထက်ချမှတ်နိုင်ကြောင်း သိရှိရသည်။

အရပ်သားများထံမှ တွေ့ရသော ဆေးပြားမှာ အပြား (၃ဝ) အောက် လျော့နည်းသောကြောင့် ဆေးသုံးစွဲသူ အဖြစ်သတ်မှတ်ပြီး သူတို့အား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၆ (ဂ- ၂၁) ဖြင့် အမှု ဖွင့်ထားကြောင်း၊  အဆိုပါ ဥပဒေပုဒ်မသည် ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်နိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် သူတို့အား ကျောက်ဖြူရဲစခန်းတွင် အမှုဖွင့်ထိန်းသိမ်းထားကြောင့် သိရှိရသည်။

မူးယစ်ဆေးဝါးကို ထိန်းသိမ်းရမည်သူများက မူးယစ်ဆေးဝါး ဖြန့်ဖြူးသော အဆင့်သို့ ရောက်လာသည့်အတွက် ဒေသခံလူငယ်များအတွက် အလွန်စိုးရိမ်မိကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

“ ကျနော်ပတ်ဝန်းကျင်မှာ လူငယ်လေးတချို့ မူးယစ်ဆေးဝါးစွဲနေတဲ့ လက္ခဏာတွေ့တယ်။ အဓိကတော့ အဲဒီမူးဆစ်ဆေးဝါးက ကျောင်းသား၊ ကျောင်းသူတွေကို ပစ်မှတ်ထားနေပြီထင်တယ်။ ဆိုတော့ ကျောင်းသားလူငယ်လေးတွေဟာ ပညာရေးဘက်မှာ ပစ်မှတ်မထားဘဲနဲ့ ဒီမူးယစ်ဆေးရဲ့ နွံထဲမှာ နစ်သွားမှာကို တော်တော်လေးကို စိုးရိမ်ရတယ်။”

ရဲတပ်ဖွဲ့က အမှန်တကယ် ထိထိရောက်ရောက်ကိုင်တွယ် ဆောင်ရွက်ပါက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှု ကျဆင်းသွားနိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ ကျနော်အမြင်အတိုင်းပြောရမယ်ဆိုရင်တော့ ဒီမူးယစ်ဆေးဝါးကို တားမယ်ဆိုလို့ရှိရင် အဓိကတော့ ရဲဆိုတာက တရားဥပဒေစိုးမိုးရေးတာဝန်ကို လုပ်ရမှာဖြစ်တယ်။ သူတို့က အမှန်တကယ်လုပ်တယ်ဆို့ရင် ဒီမူးယစ်ဆေးဝါးဟာ ပျောက်မှာဖြစ်တယ်။ တားရမယ့်သူက မတားဘဲ ဖြန့်ဖြူးတဲ့ နေရာက နေတယ်ဆိုရင်တော့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ် သဘောမျိုးပေါ့။” ဟု ပြောသည်။

ဆက်စပ် သတင်းများ