စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မောင်တောတွင် ကျပ် ၁ဝ ဘီလီယံကျော်ဖိုး မူးယစ်ဆေးများဖမ်းမိစဉ် ထွက်ပြေးသွားသည့်ယာဉ်မောင်းအား ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k


မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ သြဂုတ် ၂၉ / ၂ဝ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကျပ် ၁ဝ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိစဉ် ထွက်ပြေးသွားသည့် ယာဉ်မောင်းအား ဖမ်းမိထားပြီဟု ယနေ့ သြဂုတ်လ ၂၉ ရက် ည ၈ နာရီတွင် မြန်မာ့အသံ (MRTV)က ကြေညာခဲ့သည်။
ဖမ်းမိခဲ့သူမှာ အောင်ကျော်လှိုင်(ခ)အောင်ကျော်(ခ)ဂေါက်ကြီး(၃၁ နှစ်)ဖြစ်သည်။
သူသည် ဇနီးဖြစ်သူ မလှိုင်လှိုင်ဝေ(ခ) ရည်မွန်သန့်(ခ) မေလေး(၂၆ နှစ်)နှင့်အတူ ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်က ကျပ် ၁ဝ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများအား NISSAN ၈ ဘီး ဆီဘောက်ဆာယာဉ်ဖြင့်သယ်ဆောင်လာစဉ် မောင်တောမြို့နယ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
သူ့အား ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ယင်းနေ့ ညနေ ၆ နာရီခွဲခန့်တွင် ကျီးကန်းပြင်စစ်ဆေးရေးဂိတ်နှင့် ၆ ဖာလုံခန့်အကွာ တောစပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးရမိသူ ဇနီးမောင်နှံတို့သည် WY ဆေးပြားများနှင့် အိုက်စ်(မက်သ်အဖက်တမင်း)များကို မန္တလေးတိုင်းဒေသကြီးမှ အမည်မသိသူတစ်ဦးက မောင်တောမြို့နယ် တောင်ပြိုမြို့သို့ အခကြေးငွေ ကျပ်သိန်း (၅ဝ)ပေးကာ ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။
သူတို့သယ်ဆောင်လာသည့်မူးယစ်ဆေးများမှာ ကာလတန်ဖိုး ကျပ် ၁ဝ ဘီလီယံကျော်ဖိုးရှိသည်ဟု ရဲမှတ်တမ်းတွင် သြဂုတ်လ ၂၇ ရက်ကဖော်ပြခဲ့သော်လည်း ယနေ့ည မြန်မာ့အသံ (MRTV) က ကြေညာခဲ့ရာတွင် စုစုပေါင်းတန်ဖိုး ၇ ဒသမ ၇၈ ဘီလီယံကျော်သာ ဖော်ပြခဲ့သည်။
လက်ရှိတွင် ဖမ်းမိခဲ့သူနှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိသည်ဟုလည်း သိရသည်။
Photo - CCDAC Myanmar

ဆက်စပ် သတင်းများ