သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်သို့ပို့မည့် ကျပ်ငွေ ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်တွင်ဖမ်းမိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

ထက်အောင်
နိရဥ္စရာ၊ မတ် ၈/ ၂၀၂၂
ရခိုင်ပြည်နယ်ကို ဖြတ်သန်း၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မှောင်ခို ပိုဆောင်မည့် ငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်တွင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်တွင် သက်နိုင် (၅၈) နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၂ သောင်း သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အထူးရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
သတင်းကွင်းဆက်အရ နောက်ထပ်ပါဝင်သူများကို ဆက်လက်ရှာဖွေရာ ယင်းနေ့တွင် နောက်ထပ်မူးယစ်ဆေးဝါးများနှင့်အတူ ဆက်လက် ဖမ်းမိခဲ့သည်ဟု ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးစုစုပေါင်းအရေအတွက်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၄ သိန်း၊ ဘိန်းဖြူ ၂၅ ဒသမ ၈၄ ကီလိုဖြစ်ပြီး မြန်မာကျပ်ငွေ ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိသည်ဟု သိရသည်။
ယင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့သယ်ဆောင်လာခြင်းဖြစ်ပြီး ရန်ကုန်မှတဆင့် ရခိုင်သို့ဆက်လက်တင်ပို့ကာ ရခိုင်မှတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ တင်ပို့မည့်မူးယစ်ဆေးများဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်စပ်ဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူထားရှိကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ