သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ယခင်ထက် ပိုများလာနေဟု ဒေသခံများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.1k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မတ် ၂၄/၂၀၂၂
ရခိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုသည် ယခင်ကထက် ယခုနောက်ပိုင်း ပိုများလာနေကြောင်း ဒေသခံများက နိရ ဉ္စရာကို ပြောသည်။
ဘူးသီးတောင်မြို့ပေါ်တွင်လည်း ဆယ်ကျော်သက်အရွယ် လူငယ်များပါ မူးယစ်ဆေးဝါးသုံးစွဲမှုများကို တွေ့မြင်လာရပြီး ယခင်ထက် ပိုများလာနေကြောင်း ဘူးသီးတောင်မြို့ခံ ကိုအောင်ချေက ပြောသည်။
“မူးယစ်ဆေးဝါးသုံးစွဲမှု ပိုများလာပါတယ်။ အရင်ကလည်း မြင်ရပါတယ်။ သို့သော် အခုက ၁၄ နှစ်၊ ၁၅ နှစ် ကလေးတွေကအစ သုံးနေတာတွေ့နေရတယ်”ဟု ပြောသည်။
မူးယစ်ဆေးသုံးနေသူများကို အထူးသဖြင့် မှောင်သည့်နေရာများတွင်တွေ့ရပြီး တံတားများ၊ ကန်ဘောင်များနှင့် လူမနေသည့် အဆောက်အအုံများတွင်လည်း တွေ့ရတတ်ကြောင်း ဒေသခံများက ပြောသည်။
တောင်ကုတ်လူငယ်ကွန်ရက် ဒုတိယဥက္ကဋ္ဌ မဆုသက်ခိုင်ကလည်း “လူငယ်ပိုင်းမှာ အများအားဖြင့် တွေ့ရတယ်။ ဒီကိုဗစ်ကာလကြောင့် ကျောင်းမတက်လိုက်ရတဲ့သူတွေ၊ အပြင်ရောက်နေတဲ့ လူငယ်တွေ တော်တော်များများဟာ နောက်ဆုံးမှာ မူးယစ်ဆေးဝါးနဲ့ နွယ်သွားတာတော်တော်များတယ်’’ဟု ပြောသည်။
ရခိုင်ရှိမြို့များတွင် မြို့ပေါ်ရော၊ မြို့နယ်ကျေးရွာများအထိ မူးယစ်ဆေးသုံးစွဲမှုတွင်ကျယ်လာပြီး ရှေးဟောင်းသမိုင်းဝင် မြောက်ဦးမြို့တွင်ဆိုလျှင်လည်း လူသူအရောက်အပေါက်နည်းသည့် ရှေးဟောင်းဘုရားပုထိုးစေတီများအတွင်း ဝင်ရောက်သုံးစွဲနေကြသည်ဟု မြို့ခံများက ပြောသည်။
ရခိုင်တွင် ဆယ်ကျော်သက်ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးများကို ငွေကျပ်တန်ဖိုးအနည်းငယ်ဖြင့် အလွယ်တကူဝယ်ယူသုံးစွဲနိုင်သည့်အတွက်လည်း ယခုကဲ့သို့ ပိုမိုသုံးစွဲလာနိုင်ကြခြင်းဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ ဒေသတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေကြမှုများကို သက်ဆိုင်ရာက တားမြစ်ဖမ်းဆီးအရေးယူမှုအားနည်းနေသည်မှာ မဖြစ်သင့်ဟုလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားသူများက ပြောသည်။
ယခုကဲ့သို့ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲလာမှုမှာ ရခိုင်ပြည်အနာဂတ်အတွက် စိုးရိမ်စရာကောင်းကာ ရာဇဝတ်မှုများ ပိုဖြစ်လာနိုင်ကြောင်း ပေါက်တောမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
“အနာဂတ်အတွက် စိုးရိမ်စရာကောင်းတယ်။ ခိုးမှုတွေလည်းဖြစ်လာနိုင်တယ်။ ကျွန်တော့်အမြင်က အတတ်နိုင်ဆုံး သက်ဆိုင်ရာလူတွေက လုံးလုံးမဟုတ်ရင်တောင် တားဆီးတဲ့အဆင့်တွေ လုပ်ပေးဖို့လိုတယ်လို့ မြင်တယ်”ဟု ပြောသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)ကလည်း ရခိုင်တွင် ပြည်သူ့လုံခြုံရေးကိစ္စရပ်များကိုဦးစားပေးဆောင်ရွက်နေရသည့်အတွက် မူးယစ်ဆေးဝါးကိစ္စများကိုဖြေရှင်းရန် အချိန်တစ်ခုလိုဦးမည်ဟုု မတ်လ ၅ ရက်တွင် အွန်လိုင်းမှပြုလုပ်သည့် ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲ၌ ULA/AA ပြောခွင့်ရသူဦးခိုင်သုခက ပြောဆိုခဲ့သည်။
ဓာတ်ပုံ - ဘူးသီးတောင်မြို့တွင် အသစ်ဆောက်လုပ်ထားသော စိုက်ပျိုးရေးကျောင်းဆောင်သစ်အတွင်း မူးယစ်ဆေးသုံးစွဲထားမှုများအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ