ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အမ်း ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ကျပ်ဘီလီယံ ၂ဝ ကျော်တန်ဖိုးရှိ WY ဆေးပြားများ ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၆/၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ကျပ်ဘီလီယံ ၂ဝ ကျော််တန်ဖိုးရှိ WY စိတ်ကြွမူးယစ်ဆေးပြား ၁၀ သန်းကျော်ကို ဖမ်းဆီးရမိကြောင်း အမ်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးကြည်က နိရ ဉ္စရာကို အတည်ပြုပြောသည်။
"မြန်မာငွေကျပ် ဘီလီယံ ၂၀ ကျော်တယ်ဗျ။ မနေ့က ဖမ်းမိတာ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ကိုဖမ်းထားတယ်”ဟု ပြောသည်။
အဆိုပါစိတ်ကြွမူးယစ်ဆေးပြားများကို ၆ ဘီးကုန်ကားပေါ်တွင် ဘေထုတ်များနှင့် ရောနှောတင်ဆောင်လာစဉ် ယမန်နေ့ ဧပြီလ ၅ ရက်ညနေပိုင်းက အမ်းမြို့အဝင် ပဲပဒုံစစ်ဆေးရေးဂိတ်သို့အရောက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။
ပိုင်ရှင်ဟုယူဆရသူမောင်းနှင်သည့် ရှေ့ပြေး Pro Box ကားတစ်စီးမှာ လွတ်မြောက်သွားခဲ့ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း စခန်းမှူးက ပြောသည်။
ယခုကဲ့သို့ မူးယစ်ဆေးဝါးအများအပြား ရခို်င်သို့ တင်သွင်းနေမှုမှာ လူငယ်များကို ဆိုးကျိုးဖြစ်စေပြီး လက်ခံ၍မရကြောင်း ဒေသခံများက ပြောသည်။
ရခိုင်တွင် နယ်စပ်မြို့များဖြစ်သည့် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့နှင့် အမ်းစစ်ဆေးဂိတ်တို့တွင် မူးယစ်ဆေးဝါးများကို မကြာခဏဆိုသလို ဖမ်းဆီးရမိနေပြီး ရခိုင်နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မှောင်ခိုရောင်းဝယ်မှုများနှင့် ပြည်တွင်းသုံးစွဲမှုလည်း တစ်နေ့ထက်တစ်နေ့ များပြားလာနေကြောင်း သိရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)အနေဖြင့်လည်း ရခိုင်တွင် အုပ်ချုပ်ရေးပိုင်း၌ သက်တမ်းတိုတောင်းမှုနှင့် လူ့အရင်းအမြစ်မလုံလောက်မှုတို့ကြောင့် မူးယစ်ဆေးဝါးပြဿနာများကို မဖြေရှင်းနိုင်သေးဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ယမန်နေ့ ဧပြီလ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဆက်စပ် သတင်းများ