ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြေပုံတွင် ကျပ်သိန်း ၂ သောင်းခွဲခန့်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိခဲ့သော်လည်း သယ်ဆောင်လာသူများအား ဖမ်းမမိနိုင်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2k

နိရဥ္စရာ၊ ဇွန် ၂၇ / ၂ဝ၂၂
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စက်လှေ ၁ စီးပေါ်မှ ကျပ်သိန်း ၂ သောင်းခွဲခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သော်လည်း ယင်းမူးယစ်ဆေးများကိုသယ်ဆောင်လာသူများအား ဖမ်းမမိနိုင်ခဲ့ဟု သိရသည်။
အဆိုပါမူးယစ်ဆေးဝါးများကို ဇွန်လ ၂၅ ရက် ည ၁၁ နာရီခန့်တွင် မြေပုံမြို့နယ်၊ ကျွန်းသာယာ၏အနောက်တောင်ဘက် ၉ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်စက်လှေ ၁ စီးပေါ်မှ မြို့နယ်ပူးပေါင်းအဖွဲ့က စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရ၏သတင်းပေ့ရှ်တစ်ခုဖြစ်သည့် ရခိုင်နေ့စဉ်ပေ့ရှ်တွင် ယနေ့နံနက်က ဖော်ပြထားသည်။
အဆိုပါစက်လှေတွင် ရေခဲအကန့် ၉ ကန့်ပါရှိပြီး နောက်ဆုံးအကန့်တွင် ငါးဖမ်းပိုက်များဖြင့် ဖုံးအုပ်ကာ တရုတ်စာများနှင့် DA GUAN YIN စာတန်းပါ လက်ဖက်ခြောက်အိတ်ခွံဖြင့် ထုပ်ပိုးထားသော ICE ဟုယူဆရသည့် ၁ ထုပ်လျှင် အလေးချိန် 1 kg ရှိ ၁၀၀၀ ထုပ် (ကာလတန်ဖိုး ၂၅,၀၀၀,၀၀၀,၀၀၀ ကျပ် ခန့်)အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါမူးယစ်ဆေးဝါးများအား စစ်တွေမြို့နှင့် ပေါက်တောမြို့အပါအဝင် ဖရုံကာကျွန်းအရှေ့ဘက်ရှိ ကျေးရွာများမှတင်ဆောင်၍ မလေးရှားနိုင်ငံသို့ သွားရောက်ရောင်းချရန် ထွက်ခွာလာစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လှေပေါ်ပါသူများမှာ ရေထဲသို့ခုန်ချထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြထားသည်။
မြေပုံမြို့နယ်တွင် ယခုကဲ့သို့ တန်ဖိုးအများအပြားရှိ မူးယစ်ဆေးများကို ယခင်က ဖမ်းဆီးရမိမှုဖြစ်စဉ်များ မရှိသလောက်နည်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ