တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြို့မှ နေရာအချို့တို့ မီးလောင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 941

နောင်မင်းသူနှင့် မင်းသျှင်စော၊ နိရဉ္စရာ ၊စက်တင်ဘာ ၂၉/၂၀၂၄

ရခိုင်ပြည်၊ အနောက်ဖက်နယ်စပ် မောင်တောမြို့ကို ယနေ့တွင်စစ်ကောင်စီမှ ဗုံးအလုံး ၂၀ ထက်မနည်း ကြဲချခဲ့သောကြောင့် မောင်တောမြို့ မှ ရပ်ကွက်နှင့် ကျေးရွာအချို့ မီးလောင်နေသည်ဟု သတင်း ရရှိသည်။

ယနေ့ ညနေပိုင်း ရရှိသော သတင်းများအရ မောင်တောမြို့ အမှတ် ၂ ရပ်ကွက် နာရီစင်အနီး မီးစက်ခွဆုံတွင် မီးအများဆုံး လောင်နေပြီး မြို့မကညင်တန်း၊ ပန်းတောပြင်၊ ညောင်ချောင်း တို့မှ နေအိမ် တချို့ပါ မီးလောင်နေသည်ဟု သိရသည်။

မောင်တောမြို့မှ နောက်ဆုံး လက်ကျန်စခန်းတစ်ခုဖြစ်သော မြို့သူကြီး နခခ( ၅) ကို အာရက္ခတပ်တော် (AA)မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကျအဆုံးများနေသဖြင့် စစ်ကောင်စီက လူနေကျေးရွာများကို ဗုံးကြဲနေခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာနေသူ ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

“ အခု နခခ ၅ မှာ အကျအရှုံးများနေတယ်။ ထွက်ပြေးနေသူတွေလည်းရှိတယ်။ ဒီအတွက် အငြိုးနဲ့ ကျေးရွာ ရပ်ကွက်တွေကိုပါ ဗုံးကြဲနေတာ။ ပထမ မောင်တောမြို့ အမှတ် ၂ ရပ်ကွက်နဲ့  မြို့မကညင်တန်းတို့ စမီးလောင်နေတာကို မြင်ရတယ်။ အခု ရွှေဇားနဲ့ ဝိမလကျေးရွာတို့ဘက်ကပါ မီးခိုးတွေ တက်လာတာကို တွေ့ရပါတယ်။ ပန်းတောပြင်နဲ့ ညောင်ချောင်း တို့မှာလည်း ဗုံးချလို့ နေအိမ်တချို့ မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်ထိ ဗုံးကြဲနေသဖြင့် နေအိမ်တချို့ မီးလောင်နေပြီး မည်သူမျှ မီးမငြိမ်းသတ်ရဲဟု ဆိုသည်။

" ဒီနေ့ မနက် ၈ နာရီကျော်ကတည်းက ဗုံးလာချနေတာပါ။   Y-12 လေယာဉ်နဲ့ ကျွန်တော် စကား ပြောနေတုန်းလည်း ချနေတာဘဲ။ ကျွန်တော်ရေတွက်ထားတာကဗုံးအလုံး ၂၀ ကျော်ပြီ။ ဘယ်သူမှလည်း သွားလို့မီးကိုမသတ်ရဲဘူးလေ။ ဘာကြောင့်လည်း ဆိုတော့ လေယာဉ်က ဗုံးကြဲတာ မရပ်သေးဘူး။ လူအသေအပျောက်တော့ မသိရသေးဘူး” ဟုဆိုသည်။

မောင်တောမြို့၏ စစ်ကောင်စီနောက်ဆုံးစခန်း နခခ (၅) မြို့သူကြီးကို အေအေမှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီဖက်မှအကျအရှုံးများကာစခန်းမှလည်းတချို့ထွက်ပြေးနေကြပြီးနောက် လေယာဉ်များဖြင့် အဆက်မပြတ်ဗုံးကြဲနေခြင်းဖြစ်သည်။

စစ်ကောင်စီသည် မြို့သူကြီး နခခ (၅)  ရေကြောင်းမှလက်နက်ကြီးပစ်ကူပြီး လေကြောင်းမှ ဂျက်ဖိုက်တာများဖြင့် အသည်းအသန် ခုခံကာကွယ်နေသော်လည်း AA ၏  ထိုးစစ်မှာ ရပ်နားခြင်း မရှိဘဲ ပိုမို ပြင်းထန်လာသည်ဟု ဒေသခံများက ပြောဆိုသည်။

၎င်းစခန်းထဲမှ စစ်ကောင်စီနှင့်  မူဆလင်လက်နက်ကိုင်တို့ကလည်း အေအေ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခုခံနေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ