တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မောင်တောမြို့အနီးရှိ လေးမိုင်နယ်ခြားစောင့်စခန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်)

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၆ ရက်/၂၀၂၄

မောင်တောမြို့မှ (၄) မိုင်သာ ကွာဝေးတော့သည့် လေးမိုင် နယ်ခြားစောင့်တပ်ဖွဲ့ ခွဲ နခခ(၂)စခန်း အား အာရက္ခတပ်တော်(AA) မှ မေလ ၅ ရက်နေ့ ညမှစပြီးအင်းအားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

မေလ ၆ ရက် ယနေ့ ၁၀ နာရီ ၂၀ မိနစ်ခန့် ၌ ၎င်းစခန်းအနီးတွင် တည်ရှိသည့် ကျေးရွာများ ပတ်ဝန်းကျင်သို့ ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံကြဲလျှက်ရှိနေကြောင်း မောင်တောဒေသခံများ ထံမှသိရသည်။

"မနေ့ ညက လေးမိုင်မှတိုက်ပွဲ ပြင်းထန်စွာဖြစ်တဲ့အတွက် လေးမိုင်ဖက်က ကျေးရွာတွေသားတွေ ဘုရားပန်းနဲ့ ဟင်းသီးဟင်းရွက် လာရောင်းသူတွေ တစ်ယောက်မှ ဒီနေ့ မောင်တောကိုမလာကြဘူး။ မနေ့ညက လက်နက်ကြီးကျလို့ ၃ မိုင်တံတား ပေါက်သွားတယ်လို့သိရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ယနေ့နံနက်ထိ ပြင်းထန်နေသဖြင့်  နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့် ၌ ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ဗုံးလာကြဲသွားခဲ့သလို မောင်တောမြို့ဝင် နခခ(၅)မှလည်း လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်လျှက်ရှိနေကြောင်း မျက်မြင်ဒေသခံတွေကပြောဆိုသည်။

"AAဖက်က ဒရုန်းနဲ့ အဆက်မပြတ်တိုက်ခိုက်နေတော့ နယ်ခြားစောင်တွေ အကျအဆုံးများတယ်။ ဒီနေ့မနက် ၁၀ နာရီ ၂၀ မှာလည်း  ရွှေဗဟိုကျေးရွာဖက်ကို ဂျက်လေယာဥ်နဲ့ကို ဗုံးလာကြဲသွားတယ်လို့ သိရတယ်"ဟု ပြောကြားသည်။

မောင်တောမြို့ မြောက်ပိုင်း ၈ မိုင်အကွာရှိ ကျီးကန်းပြင်ဌာနချုပ်နှင့် လှဖိုးခေါင် နခခ(၁၀)နှင့် မောင်တောတောင်ပိုင်း အင်းဒင်စခန်းတို့အား အာရက္ခတပ်တော်မှ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လေးမိုင်ရှိ နခခ(၂)အားသိမ်းပိုင်ရန် ထိုးစစ်အရှိန်မြင့်ကာ  တိုက်ခိုက်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ