စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

မြန်မာဖက်က သေနတ်ဖြင့်ပစ်ခတ်၍ ဆက်သွယ်ရေးပြတ်တောက်ကာ ဘင်္ဂလားဒေ့ရှ်ရှိ စိန့်မာတင်ကျွန်းတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများဖြစ်ပေါ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 5.1k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၀/ ၂၀၂၄

ပြီးခဲ့သည့် လေးရက်အတွင်းက စက်လှေသုံးစင်းကို မြန်မာဖက်က သေနတ် ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ထိုကိစ္စဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆက်သွယ်ပြတ်တောက်သွားပြီး  စိန့်မာတင်ကျွန်းတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနှင့်ဆက်သွယ် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုကျော်ပြီး မြန်မာနိုင်ငံဖက်မှ ပစ်ခတ်မှုများကြောင့် ကမ္ဘာလှည့် ခရီးသည်များ ၊ အများဆုံးသွားရောက်လည်ပတ် သည့် စိန့်မာတင်ကျွန်းတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်ရှိ သန္တာကျောက်တန်းများ ပေါကြွယ်ဝ ပြီး ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အများဆုံးသွား ရောက်လည်ပတ်ကြသည့် စိန့်မာတင်ကျွန်းသည် မြန်မာဖက်မှ နယ်စပ်ကိုကျော်ပြီး ပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် လေးရက်တာကာလအတွင်း စားနပ်ရိက္ခာပြတ်လပ်မှု အကြပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

စတုရန်းကီလိုမီတာ (၈) ကီလိုမီတာခန့် သာကျယ်ဝန်းသည့် သဘာဝအလှတရားများဖြင့ ်ပြည့်စုံလှပသည့် အဆိုပါ စိန့်မင်တင် ကျွန်းငယ်လေးသည် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထင်ကရ ခရီးသွားနေရာတစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် လေးရက်အတွင်းက Naikkhyongdiaဒေသရှိ နတ်မြစ်အတွင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ၏ စက်လှေသုံးစင်းခန့် သည် မြန်မာဖက်က သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရသည်။

စိန့်မာတင်ယူနီယံကောင်စီ ဥက္ကဌဖြစ်သူ မူဂျီဘာရာမန် က လွန်ခဲ့သည့် လေးရက်က မြန်မာနယ်စပ်မှ အမည်မသိ လူများသည် စားနပ် ရိက္ခာများ၊ ခရီးသည်များကို တင်ဆောင်လာသည့်စက် လှေများကို နတ်မြစ်နှင့် ဘင်္ဂလားပင်လယ်အော်မြစ်ဝတစ်လျှောက်တွင် နှစ်နိုင်ငံ နယ်စပ်ကိုကျော်ပြီး သေနတ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း Anadolu သတင်းဌာန သို့ပြောဆိုသည်။

"(စိန့်မာတင်) ကျွန်းဆီကို နေ့စဉ် ကုန်ပစ္စည်းတွေ မပို့နိုင်တော့ပါဘူး။  ကမ္ဘာလှည့်ခရီးသည်တွေကလည်း အစားအသောက်နဲ့ တည်းခိုနေထိုင်ရေး အကျပ်အတည်းတွေ နဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်” ဟု ၄င်းကဆက်ပြောသည်။

"ကျွန်တော်တို့ မြို့နဲ့ ခရိုင်အာဏာပိုင်တွေကို လည်း အကြောင်းကြားထားပါတယ်။ သူတို့က တခြားသုံးလို့ရမယ့်လမ်းကြောင်းသစ်တွေကို ရှာဖွေနေပါတယ်။ ဒါပေမဲ့ ကျွန်းနဲ့ကုန်းမြေကို ဆက်သွယ်ဖို့က တခြားရေလမ်းကြောင်းတွေ ရှိတာခုထိ မသိရသေးဘူး" ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော်တို့ အကြား တိုက်ပွဲများပိုမို ပြင်းထန်လာကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ရိုက်ခတ် မှုရှိ ခဲ့သည်။

နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကိစ္စနှင့် ပတ်သက်ပြီး မြန်မာနှင့် ပြောဆိုခဲ့ကြောင်း၊ မြန်မာနှင့် ပုံမှန် ထိတွေ့ ဆက်သွယ်ပြောဆို မှုများရှိပါကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှမြန်မာ့အရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mia Md Mainul Kabir က Anadolu သို့ ပြောကြားသည်။

" ကျွန်တော်တို့ဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များနဲ့ တိုင်ပင်ပြီး စိန့်မာတင် ကျွန်းဆီကို သွားမယ့် အခြား လမ်းကြောင်းသစ်ကို ရှာဖွေနေပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူများ ဘေးကင်းစေရန်အတွက် ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နတ်မြစ်သည် ကော့ဘဇားခရိုင် အရှေ့တောင်ဘက်ရှိ တက္ကနက်နှင့်စိန့်မာတင် ကိုဆက်သွယ်ထားသည့် ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဖြတ်သန်း စီးဆင်းနေ သည့် တစ်ခုတည်းသောမြစ်ဖြစ်သည်။

အဆိုပါ တိုက်ခိုက်ခံခဲ့ရမှုနောက်ပိုင်းတွင် စက်လှေ ပိုင်ရှင်များသည် ၄င်းတို့၏ စက်လှေပြေးဆွဲမှု လုပ်ငန်းကို ရပ်နားထားရသည်။

အလားတူ ဒေသခံတံငါသည်များသည် လည်းသေနတ်ဖြင့်ပစ်ခတ်ခံရမည်ကို စိုးရိမ်သောကြောင့် နတ်မြစ်အတွင်း ငါးဖမ်းခြင်းကို မပြုလုပ်နိုင်တော့ ကြောင်းသိရသည်။

ဆက်စပ် သတင်းများ