သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြန်မာတွင် ဇူလိုင်လ ပထမပတ်အတွင်း ငလျင်လှုပ်ခတ်မှု ၁၂ ကြိမ်အထိဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

နိရဥ္စရာ၊ ဇူလိုင် ၇/၂၀၂၂
မြန်မာနိုင်ငံတွင် ဇူလိုင်လ ပထမပတ်အတွင်း ငလျင်လှုပ်ခတ်မှု ၁၂ ကြိမ်အထိဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် မြေငလျင်လှုပ်ခတ်မှု ၁ ကြိမ်စီရှိခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ၃ ကြိမ်၊ ဇူလိုင် ၅ ရက်တွင် ၃ ကြိမ်၊ ၆ ရက်တွင် ၂ ကြိမ်နှင့် ယနေ့ ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ၁ ကြိမ်လှုပ်ခတ်ခဲ့ရာ တစ်ပတ်အတွင်း ၁၂ ကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ဇူလိုင်လ (၇)ရက်နေ့ နံနက် ၇ နာရီခန့်တွင် ရှမ်းပြည်နယ် နမ့်စန်မြေငလျင်စခန်းမှ တောင်ဘက် (၃၈)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လင်းခေးမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၃၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၈၁)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇ/လက ထုတ်ပြန်ထားသည်။
ယင်းအပြင် ဇူလိုင်လ (၆)ရက်က နေ့လယ် ၂ နာရီခွဲတွင် ရန်ကုန်ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် မိုင်(၄၄၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)တွင်လည်း (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သလို ညနေ ၄ နာရီတွင် နမ့်စန်မြို့၏ မြောက်ဘက် (၅)မိုင်ခန့်အကွာ) အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သိရသည်။
ဇူလိုင်လ (၅) ရက် ညဦး ၁၂ နာရီတွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၄၀၆)မိုင်ခန့်ကွာ ဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)ကို ဗဟိုပြု၍ တစ်ကြိမ်၊ နံနက် ၈ နာရီခန့်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာကို ဗဟိုပြု၍ တစ်ကြိမ်၊ ၁၁ နာရီခန့်တွင် သရက်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၁) ခန့်အကွာကို ဗဟိုပြု၍ တစ်ကြိမ်၊ စုစုပေါင်း တစ်နေ့တည်းတွင် ၃ ကြိမ် လှုပ်ခတ်ခဲ့သည်။
ထိုနည်းတူ ဇူလိုင် ၄ ရက်နေ့တွင်လည်း မြန်မာနိုင်ငံပြည်ပ ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (Andaman Islands, India Region)တွင် နေ့လယ် (၃) နာရီကျော်က တစ်ကြိမ်၊ (၄) နာရီခွဲခန့်က တစ်ကြိမ်၊ (၆) နာရီကျော်က တစ်ကြိမ်၊ စုစုပေါင်း ၃ ကြိမ် လှုပ်ခတ်ခဲ့သည်။
ဇူလိုင်လ (၃) ရက်တွင် နံနက် ၉ နာရီခန့်တွင်လည်း အောင်လံမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀) ခန့်အကွာကို အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိငလျင်တစ်ကြိမ်လှုပ်ခတ်ခဲ့သည်။
ဇူလိုင်လ (၂) ရက်ကဆိုလျှင် မိုင်းလား မြို့၏ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်အကွာတွင် ည ၈ နာရီခွဲအချိန် အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိငလျင်တစ်ကြိမ်လှုပ်ခတ်ခဲ့သည်ဟု သိရသည်။
ဇူလိုင်လ ၁ ရက်နေ့မှာလည်း ကျိုင်းတုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာမှာညနေ ၈ နာရီခန့်တွင် တစ်ကြိမ်လှုပ်ခတ်ခဲ့သေးသည်ဟု မိုး/ဇလထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လ ပထမပတ်အတွင်း နေ့စဉ်ရက်ဆက် မြေငလျင်လှုပ်ခတ်ခဲ့သလို တစ်နေ့တည်းတွင် ၃ ကြိမ်အထိ လှုပ်ခတ်ခဲ့ခြင်းများလည်း ရှိခဲ့သည်။(NN-7)

ဆက်စပ် သတင်းများ