ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တွေ-အမ်းကားလမ်း ဘေးဝဲယာတစ်လျှောက် မိုင်းရှင်းလင်းရေးစတင်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 2.6k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၄/ ၂ဝ၂၁

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများ ပြင်းထန်ခဲ့သည့် စစ်တွေ- အမ်း ကားလမ်း ဘေးဝဲယာ တစ်လျှောက် မိုင်းရှင်းလင်းရေးလုပ်ငန်းကို တပ်မတော်က မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ မိုင်းရှင်းလင်းရေးကိစ္စမနက်ဖြန်စတော့မယ်လို့ပြောတယ်။ အကြမ်းအားဖြင့် မောင်တောရယ်၊ ပြီးတော့ စစ်တွေကနေ ကားလမ်း အပေါ်တက်မယ်ပေါ့လေ။ အမ်းဖက်ကနေ တက်လာခဲ့မယ်ပေါ့။ နှစ်ခု အပေါ်အောက်ဆင်းကြမယ်ပေါ့” ဟုပြောသည်။

မိုင်းရှင်းလင်းမည့် အထဲတွင် မည်သည့် မြို့နယ်များ ပါဝင်သည်ကို အသေးစိတ်သိလိုပါက တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူထံဆက်သွယ်မေးမြန်းနိုင်ကြောင်း ၄င်းက ဆက်လက်၍ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်ရာ မိုင်းရှင်းလင်းမှု အချိန်မှာ မိုင်းတွေ့ရှိမှု အပေါ်တွင် မူတည်ကြောင်း၊ ၁၅ ရက်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း၊ စစ်တွေ- အမ်း ကားလမ်းတစ်လျှောက်ရှိ ဘေးဝဲယာ တစ်ဖက် တစ်လျှောက်ကို ရှင်းလင်းမည်ဖြစ်ကြောင်း တိုင်းဌာနချုပ်မှ တာဝန်ရှိသူ (G1) က ပြောကြားသည်။

နှစ်ဖက်တပ်ဖွဲ့အကြား ညှိနိုင်းဆောင်ရွက်ခြင်း ဟုတ်ပါသလားဟု မေးမြန်းရာ သူအနေဖြင့် မသိရှိကြောင်း၊ အထက်က ညွှန်ကြား၍ ရှင်းလင်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA )တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်ကျော် ကာလအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ပေါက်ကွဲ၍ သေဆုံးသူ ၃၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၇၀ ခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်တွင် လက်ကျန် စစ်ဘေးရှောင် ၁ သိန်းရှစ်သောင်းကျော် ကျန်ရှိနေသေးပြီး ၎င်းစစ်ဘေးရှောင်များကို များမကြာမီ နေရပ်ပြန်နိုင်ရေး အတွက် လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက စီစဉ်နေပြီး ယခုမိုင်းရှင်းလင်းမှုမှာ သူတို့ အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ