ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြေမြုပ်မိုင်းပေါက်၍ ပုဏ္ဏားကျွန်းမြို့နယ် ပိန္နဲတောရွာတွင် လူကြီးတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 2.3k

ခိုင်လူလှ (ရိုးမမြေ)

နိရဉ္စရာ၊ မေ ၃/၂၀၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပိန္နဲတောရွာတွင် ယနေ့ နံနက်က မြေမြုပ်မိုင်း ပေါက်ကွဲ၍ အသက် ၆၀ အရွယ် လူကြီးတစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ဦးခင်မောင်အေး(၆၂) နှစ်ဖြစ်ကြောင်း ကျေးရွာလူကြီးတစ်ဦးဖြစ်သူ ဦးမောင်သန်းအောင်က ပြောသည်။

မိုင်းပေါက်တာက ရွာအရှေ့ဘက်တောင်ကုန်းမှာ ပေါက်တာပါ။ မနက် ၇ နာရီကျော်မှာ ပေါက်သံကြားပါတယ်။ ရွာသားတွေလည်း ကြောက်ပြီး မသွားရဲတာနဲ့ နံနက် ၁၁ နာရီကျော်မှာ သွားရှာကြတော့ ခြေထောက်တစ်ဖက်ပြတ်ပြီး တောင်ကုန်းပေါ်မှာ သွေးလွန်သေဆုံးနေတာကို တွေ့ရပါတယ်ဟု ၎င်းက ပြောသည်။

သူ့အလောင်းအား ယနေ့ ညနေ ၃ နာရီခန့်တွင် ရွာသို့ သယ်ဆောင်လာပြီး ရွာသုဿန်တွင် သဂြိုလ်လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

 ဦးခင်မောင်အေးသည် ယနေ့နံနက် ဟင်းရှာ၊ ထင်းခုတ်ရန်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းမှာ မုဆိုးဖိုဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲသည့်တောင်ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း ၎င်းတောင်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့မှုများရှိကြောင်း ၎င်းကျေးရွာလူကြီးက ပြောသည်။

ဆက်စပ် သတင်းများ