ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောတွင် မြိုအမျိုးသားတစ်ဦး မို်င်းနင်းမိ၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 6.5k


ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၂၇/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝက်ကျိန်းမြိုရွာမှ အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ မြိုအမျိုးသား နန်ခိုင်(၃၅)နှစ်ဖြစ်သည်။
သူသည် ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ဝက်ကျိန်းကျေးရွာအနီး မေယုတောင်တန်းတွင် ဝါးခုတ်ရန်သွားရာမှ မိုင်းနင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝက်ကျိန်းမြိုရွာဆရာတော် ဦးနန္ဒက နိရဥ္စရာသတင်းဌာနအား မိန့်သည်။
“အဲဒီနားက တပ်မတော် လွန်ခဲ့တဲ့တစ်နှစ်ကျော်က စခန်းချခဲ့တယ်။ သူတို့ပြန်ခါနီးတော့ မိုင်းတွေရှိနိုင်တယ်။ မသွားကြဖို့ မှာခဲ့တယ်။ ရွာသားတွေကို။ ဒါပေမဲ့ မရှိနိုင်လောက်တော့ဘူး။ ကြာလည်း ကြာပြီဆိုပြီး သွားကြထင်တယ်။ တောင်ယာလုပ်ဖို့။ ဟင်းရှာဖို့၊ ဝါးခုတ်ဖို့သွားကြတယ်။ အဲဒီလိုသွားကြတာမှာနင်းမိတာပါ။ ဆေးရုံကားခေါ်ထားတာ ဆေးရုံမရောက်လိုက်ဘဲ ရွာမှာပဲ ဆုံးတယ်။” ဟုမိန့်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်ကလည်း အဆိုပါအမျိုးသားသေဆုံးမှုမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
“ဝဲခြေကျင်းဝတ်ပြတ်၊ ယာခြေသလုံး မိုင်းစထိမှန်၊ ပါးမှာ မိုင်းစထိမှန်ပြီးသေဆုံးတာ။ တောင်ယာလုပ်ဖို့သွားရာကနေ တောင်ယာအနီး ရေနံချောင်းတောင်ပေါ်အခင်းဖြစ်နေရာအရောက် ဒေသန္တရလက်လုပ်မိုင်းကို နင်းမိပေါက်ကွဲတာပါ။” ဟုပြောသည်။
ရခိုင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ တိုက်ပွဲများရပ်တန့်နေသည့် ယခုအချိန်ထိ မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများပေါက်ကွဲမှုကြောင့် လူပေါင်း ၅ဝ ထက်မနည်းသေဆုံးပြီး ၈ဝ ကျော် ထိခိုက်ဒဏ်ရာရရှိထားပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းများအရ သိရသည်။

ဆက်စပ် သတင်းများ