ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်တွင် မိုင်းပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေ၍ ရှင်းလင်းပေးရန် ဒေသခံများတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂/၂၀၂၂
ရခိုင်တွင် မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားလာနေ၍ ဒေသခံများ၏အသက်အန္တရာယ်ထိခိုက်မှုမရှိစေရေး အဆိုပါမိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများအား ရှင်းလင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
ပြီးခဲ့သည့်နှစ််များက တိုက်ပွဲဖြစ်ခဲ့သည့် တောတောင်၊ ကျေးရွာအနီးတို့တွင် စစ်ကျန်မိုင်းလက်နက်ဟောင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလာနေ၍ တောတောင်များကို မှီခိုစားသောက်နေကြသည့် ဒေသခံများမှာ အခက်တွေ့ကြုံနေရပြီး သက်ဆိုင်ရာက အလျင်အမြန်ရှင်းလင်းပေးစေလိုကြောင်း မိုင်းပေါက်ကွဲမှုများမကြာမကြာဖြစ်နေသည့် မင်းပြားမြို့နယ်၊ မင်းပုန်းတောင်အောက်ရှိ သလူချောင်းကျေးရွာနေ ဒေါ်နုစံဖြူက နိရဥ္စရာသို့ပြောသည်။
“အဲမှာ ထင်းခွေကြတယ်၊ ၀ါးခုတ်ရတယ်။ သလူချောင်းမှာက ထင်း၊ ၀ါးခုတ်ပြီးတော့ တောင်ကိုမှီလို့ စားနေကြရတာ။ အဲဒီနေရာတွေကို အခုက မသွားရဲကြတော့ ရွာသားတွေက အကျပ်အတည်းခံနေကြရတယ်။ မိုင်းတွေကို ရှင်းလင်းပေးစေချင်တယ်။ အဲဒီမိုင်းတွေရှင်းသွားမှ ဒီလူတွေလည်း လုပ်စားလို့ရမယ်” ဟု ပြောသည်။
မင်းပြားမြို့နယ်၊ မင်းပုန်းတောင်တွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက်အစောပိုင်းက စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတစ်ခုပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူသေဆုံး၊ ဒဏ်ရာရရှိမှုမရှိခဲ့ဟု သိရသည်။
အဆိုပါတောင်ပေါ်တွင် ဖေဖော်ဝါရီ ၈ ရက်က မိုင်းပေါက်ကွဲမှုကြောင့် တောင်အောက်ရှိ သလူချောင်းကျေးရွာမှ ထင်းခွေသွားသည့် ဒေသခံတစ်ဦး သေဆုံးသွားခဲ့သည်။
ရခိုင်ရှိ မြို့နယ် ၈ ခုတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ ၂ နှစ်ကြာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲမှုကြောင့် ဒေသခံများအများအပြားသည်လည်း သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။
အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာမှ ကိုယ်ပိုင်တောင်ယာသို့ ဟင်းသွားရှာစဉ် မိုင်နင်းမိ၍ ခြေတစ်ဘက်စွန့်လွှတ်လိုက်ရသူ ဒေါ်မဖြူက “ပြည်သူ့ဆန္ဒအရတော့ မိုင်းတွေကိုရှင်းလင်းပေးစေချင်တာပေါ့။ ပြည်သူတွေလည်း သွားလာတာ လွယ်လင့်တကူဖြစ်အောင်ပေါ့၊ အသွားအလာအဆင်ပြေပြီး စီးပွားရေးတွေလည်း အဆင်ပြေအောင်ပေါ့နော်။ အန်တီကိုယ်တိုင်က ရှင်းလင်းပေးစေချင်တယ်” ဟုပြောသည်။
လွန်ခဲ့သည့် နှစ်များက စစ်ပွဲအပြင်းထန်ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာနှင့် ၂ မိုင်အကွာ ဆင်သေကိုင်းတော၌ ဖေဖော်ဝါရီလ ၁ ရက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ကျောင်းတောင်ကျေးရွာမှထင်းခွေသွားသည့် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် တိုက်ပွဲများ၏အကျိုးဆက်ကြောင့် အလုပ်အကိုင်အခွင့်အရေးများ ကျပ်တည်းလာနေ၍ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ၏ အန္တရာယ်ကိုသိသော်လည်း ဝမ်းရေးအတွက် အန္တရာယ်များကြားမှ လုပ်ကိုင်နေကြခြင်းဖြစ်သည့်အတွက် ယင်းအချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက အရေးတကြီးဖြေရှင်းပေးရန်လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက နိရဥ္စရာသို့ပြောသည်။
“ကျန်ခဲ့တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကလည်း သေချာရှင်းလင်းမှုမရှိသေးတော့ ဘေးအန္တရာယ်ကျရောက်မှုတွေကို တိုက်ပွဲတွေမရှ်ိလည်း ကြားနေရတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ အခြားထောက်ပံ့ကူညီမှုတွေလည်းမရှိတော့ အန္တရာယ်တွေကြားက လုပ်ကိုင်စားသောက်ရတာတွေရှ်ိလာတော့ ဆက်လက်ပြီးအန္တရယ်ကျလာတာတွေလည်း ရှိနိုင်တယ်ပေါ့နော်။ အဲဒါကြောင့် ဒီကိစ္စကို အလေးထားပြီးစဉ်းစားဖို့လိုတယ်ပေါ့နော်” ဟုပြောသည်။
ရခိုင်တွင် နစကကောင်စီက ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ ရန်ကုန်-စစ်တွေကားလမ်းမဘေးတို့ကို မိုင်းရှာဖွေစက်များဖြင့် မိုင်းရှာခြင်းများပြုလုပ်ခဲ့သော်လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ဖူးသည့် တောတောင်နှင့် ကျေးရွာများအနီးတို့တွင် မိုင်းရှာဖွေမှုများမရှိခဲ့ဟု ဒေသခံများက ပြောသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးအပတ်အထိ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၅၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူမှာ ၁၂၉ ဦးအထိရှိကြောင်း REC ၏စာရင်းအရ သိရသည်။
ဓာတ်ပုံ - ယခင်ပုံဟောင်း

ဆက်စပ် သတင်းများ