သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပလက်ဝမှ မိုင်းထိအမျိုးသမီး ဒဏ်ရာမသက်သာ၍ စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 398

နိရ ဉ္စရာ၊ ဇွန် ၂၂/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် မျှစ်ရှာသွားစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းထန်စွာ ဒဏ်ရာရှိသွားသည့် လူနာအမျိုးသမီးသည် ဒဏ်ရာမသက်သာ၍ စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်နေရကြောင်း သိရသည်။
အဆိုပါအမျိုးသမီးလူနာသည် ယနေ့ ဇွန်လ ၂၂ ရက် နံနက်ပိုင်းက ပလက်ဝမှတဆင့် ကျောက်တော်မြို့သို့ စက်လှေဖြင့်ရောက်ရှိလာပြီး လက်ရှိတွင် ကျောက်တော်ရှိ ဖြူစင်မေတ္တာပရဟိတအသင်း၏ အရေးပေါ်ကားဖြင့် စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်နေကြောင်း မိုင်းထိလူနာနှင့်အတူ လိုက်ပါလာသည့် ဆွေမျိုးတော်စပ်သူ ဦးစိန်လှက နိရဥ္စရာကိုပြောသည်။
"ပလက်ဝက ဆရာဝန်ကြီးက စစ်တွေကို လွှတ်လိုက်လို့ပါ။ သတိကတော့ ရနေပါသေးတယ်။ တခါတလေတော့ နည်းနည်းပါးပါးပြောနိုင်ဆိုနိုင်ပါတယ်။ အများကြီးတော့ မပြောနိုင်ဘူး" ဟုပြောသည်။
မိုင်းနင်းမိ၍ဒဏ်ရာအပြင်းအထန်ရရှိသွားသူမှာ ပလက်ဝမြို့ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှ ဒေါ်ဝင်းခင် (၃၈ နှစ်)ဖြစ်သည်။
သူမသည် နောက်ထပ်စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဒေါ်ချစ်ခင် (၅၀ နှစ်)နှင့်အတူ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့၊ နံက် ၉ နာရီကျော်ခန့်တွင် ပလက်ဝမြို့နှင့် အဘောင်သားကျေးရွာအကြားရှိ တောထဲသို့ မျှစ်ရှာရန်သွားစဉ် မိုင်းနင်းမိကာ နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရှိသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မိုင်းထိမှန်မှုကြောင့် ဒေါ်ချစ်ခင်တွင် ဒဏ်ရာအနည်းငယ်သာရရှိခဲ့သော်လည်း ဒေါ်ဝင်းခင်တွင် ဘယ်ခြေထောက်၊ ဘယ်လက်နှင့် မျက်နှာတို့၌ ပြင်းထန်ဒဏ်ရာရှိသွားခဲ့သည်။
ယင်းနောက် ဒေါ်ဝင်းခင်သည် ပလက်ဝဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သော်လည်း ဒဏ်ရာအခြေအနေမှာ မသက်သာ၍ စစ်တွေဆေးရုံသို့ ယနေ့နံနက် ၁၀ နာရီကျော်ခန့်တွင် အရေးပေါ်ကားဖြင့် ပို့ဆောင်လာခဲ့ရခြင်းဖြစ်သည်ဟု ဖြူစင်မေတ္တာပရဟိတအသင်းမှ ကိုညီပုက ပြောသည်။
ယခုမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သောနေရာသည် အဘောင်သားကျေးရွာအနီးတွင်ဖြစ်ပြီး လွန်ခဲ့သည့် မေလ ၂၆ ရက်က ၎င်းနေရာတွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် လယ်သမား လင်မယားနှစ်ဦး လယ်ကန်သင်းဆည်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဇွန်လ ၁၄ ရက်ကလည်း မြေပုံမြို့နယ် စညှင်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ၂ ဦး စခန်းအနီးရှိတောင်ပေါ်သို့ မျှစ်သွားခူးစဉ် မိုင်းပေါက်ကွဲမှုဖြစ်၍ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိသွားခဲ့သည်။ (NN-8)

ဆက်စပ် သတင်းများ