ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်နှင့်ချင်းပြည်နယ်တွင် နှစ်လအတွင်းမြေမြုပ်မိုင်း ၇ ကြိမ်ပေါက်ကွဲခဲ့ပြီး သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရသူ ၅ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.9k

နိရဥ္စရာ၊ဇွန် ၂၇/၂၀၂၂
ရခိုင်ပြည်နယ်မှ မြို့နယ် ၆ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ၂လအတွင်း မြေမြုပ်မိုင်း ၇ ကြိမ်ပေါက်ကွဲခဲ့သဖြင့် ၄ ဦးသေဆုံးခဲ့ကာ ၅ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ဟု နိရဉ္စရာသတင်းဌာက စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် မေလ ၁၄ရက်နေ့မှ ဇွန်လ ၂၂ရက်နေ့အထိ ရခိုင်ပြည်နယ် အမ်း၊မင်းပြား၊ရသေ့တောင်၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မြေမြုပ်မိုင်း ပေါက်ကွဲခဲ့သည့်အရေအတွက်နှင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ည့် အရေအတွက်ဖြစ်သည်။
သေဆုံးခဲ့သူ ၄ဦးမှာ အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာမှ ဦးသန်းမင်းနိုင်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ မှ ဦးအောင်သာထွန်း၊ မြေပုံမြို့နယ်၊စညှင်းစစ်ဘေးရှောင်စခန်းမှ ဦးမောင်သန်းတင်နှင့် ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ ဒေါ်မတင်သိန်းတို့ဖြစ်ကြသည်။
ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူများ ပလက်ဝမြို့နယ် ငချားကျေးရွာမှ ကိုအောင်အောင်ဦး(ဘယ်ဖက်ခြေ ထောက်ပြတ်ဒဏ်ရာရ)နှင့် သကာချောင်း ကျေးရွာမှ ဒေါ်ဝင်းခင်(ညာခြေထောက်ပြတ်ဒဏ်ရာရ၊စစ်ဘေးရှောင်)၊ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်ခစန်းမှ ဦးမောင်ကြည်ဝင်း၊ရသေ့ တောင်မြို့နယ်၊ သာစည်ကုန်းကျေးရွာမှ ဦးအေးစိန်ထွန်းနှင့် ဒေါ်အေးစိန်းနု(လင်မယား)တို့ဖြစ်ကြသည်။
ဇွန်လ ၂၅ရက်နေ့တွင်လည်း မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းချထားသည့် သင်းကျစ်တော် တောင်းခြေအောက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့၍ နွားတစ်ကောင်သေဆုံးခဲ့သည်။
စညှင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ အရှင်ဦးအာစရက “ အခုကတော၊တောင်တွေမှာ မိုင်းတွေပေါက်နေကြတော့ စစ်ဘေးရှောင်တွေက လုံးဝ မသွားရဲကြတော့ဘူး။ ဒါပေမဲ့လည်း တချို့က စားဝတ်နေရေး အဆင်ပြေဖို့ အတွက် မျှစ်ချိုးဖို့၊ ထင်းခုတ်ဖို့ ဝမ်းရေးကြောင့်သွားနေကြရတယ်။ ဟိုတစ်ခါကလည်း ဦးဇင်းတို့ခစန်းက နှစ်ယောက်မိုင်းထိလို့ တစ်ယောက် သေသွားတယ်လေ။ အရမ်းကို အန္တရာယ် ရှိပါတယ်။လုံးဝတောတောက်တွေကို မသွားသင့်တော့ဘူး ” ဟု မိန့်ကြားသည်။
အဆိုပါမြေမြုပ်မိုင်းများ ပေါက်ကွဲခဲ့သည့်နေရာများမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တာ်(AA)တို့အကြား တိုက်ပွဲ များဖြစ်ပွားခဲ့သည့် တောင်တန်းများနှင့် စစ်ကောင်စီတပ်စခန်းချထားသည့် နေရာအနီးတို့တွင် ဖြစ်ကြသည်ဟု ဆိုသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား အပစ်အခတ်ရပ်စဲနေချိန် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်တွင် စစ်တွေ-အမ်း ကားလမ်းမတစ်လျှောက်နှင့် ရသေ့တောင် အငူမော်လမ်းမကြီး တစ် လျှောက်တို့ကို စစ်ကောင်စီက မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် အဓိက နေရာများတွင် မိုင်းရှင်လင်းမှုမရှိခဲ့ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ခုနှစ်စ၍ ၂၀၂၁ခုနှစ်အထိ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ပေါက်ကွဲခဲ့မှုကြောင့် သေဆုံးသူ ၅၈ဦး နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၉၁ဦးရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ် အစည်းအရုံး(REC)၏ စာရင်းအရသိရ သည်။
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေး များရန်ပုံငွေအဖွဲ့(UNICEF)က ဇွန် ၂၄ ရက်နေ့ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူ ကလေးငယ် ၁၅၅ ဦးအထိရှိကြောင်း၊ ၎င်းအရေအတွက်မှာ စစ်အာဏာ သိမ်းပြီး ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလမှစ၍ ယခု ၂၀၂၂ ခုနှစ် ဇွန်လအထိ ဖြစ်ကြောင်း ဖော်ပြသည်။
သေဆုံးဒဏ်ရာရသူ ကလေးငယ် ၁၁၅ ဦးအနက် ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းမှာပင် သေဆုံးဒဏ်ရာရသူ ကလေးငယ် ၄၇ ဦးအထိရှိကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (NN-11)

ဆက်စပ် သတင်းများ