ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးတွင် မိုင်းပေါက်၍ မူဆလင်လူငယ် ၄ ဦးထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7.1k


နိရဥ္စရာ၊ ဇူလိုင် ၈/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ်တွင် ယနေ့နေ့လယ်က မိုင်းပေါက်ကွဲ၍ မူဆလင်လူငယ် ၄ ဦး ထိခိုက်ဒဏ်ရာရှိရသွားကြောင်း သိရသည်။
မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိသူများမှာ မြောက်ဦးမြို့နယ် ဘလောင်တောင်ကျေးရွာမှ မူချာရဲက် (၁၄) နှစ်၊ ပေါင်းတုတ်ရွာသစ်မှ ချောင်ချူအာလောင် (၁၆)နှစ်၊ မာမောတ်အာဒဲက် (၁၃) နှစ်နှင့် အုံမော်ဆာဒဲက်(၁၃) နှစ်တို့ဖြစ်ကြသည်။
သူတို့သည် ယနေ့ ဇူလိုင်လ ၈ ရက် နေ့လယ် ၁၂ နာရီခွဲတွင် ပေါင်းတုတ်ရွာ အနောက်ကွင်းတောင်နားရှိလယ်တွင် နွားကျောင်းသွားစဉ် မိုင်းပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
လက်ရှိတွင် ဒဏ်ရာပြင်းထန်သည့် မူချာရက်ပ (၁၄) နှစ်နှင့်နောက်တစ်ဦးသည် မြောက်ဦးမြို့နယ် မြောင်းဘွေဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး မောင်မူချာရက်ပတွင် ညာဘက်ခြေထောက်ပြတ်သွားသည့်အတွက် ဒဏ်ရာပြင်းထန်ကြောင်း ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့သည့် ကိုအမ်းသားကြီးက နိရဥ္စရာကို ပြောသည်။
“လူနာက ဆေးရုံမှာ ၂ ယောက်တင်ထားတယ်။ ကျန်နှစ်ယောက်ကတော့ ဆေးရုံတက်စရာမလိုတဲ့ ဒဏ်ရာအငယ်စားလေးတွေမလို့လေ။ မူချာရက်ပမှာတော့ ခြေတစ်ဖက်ကဖြတ်လိုက်ရပြီး တစ်ဖက်က ဒဏ်ရာများတယ်။ နောက်တစ်ယောက်ကတော့ ပါးနဲ့ ဘယ်ဘက်ရင်ဘက်မှာ ဒဏ်ရာရထားတယ်”ဟု ပြောသည်။
ရခိုင်တွင် ယခုနောက်ပိုင်း မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိရာ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၈ ရက်အတွင်း မိုင်းပေါက်ကွဲ၍ ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီဟု သိရသည်။
ဇူလိုင်လ ၄ ရက် နေ့လယ် ၁ နာရီခန့်ကလည်း ကျောက်တော်မြို့နယ် မျာလီကန်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးလှမောင်သည် ရွာအနီးရှိ လယ်ပြင်တွင် နွားကျောင်းနေစဉ် မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရကာ အပေါက်ဝရွာဆေးရုံ၌ သေဆုံးသွားခဲ့သည်။
ဇူလိုင်လ ၃ ရက်ကလည်း မင်းပြားမြို့နယ်ရှိ တိုင်းဗဟို(၉)အနီးတွင် ဝါးခုတ်ရန်သွားသည့် အထက်ခချီးမြောင်ကျေးရွာမှ ကိုမောင်လှထွန်း (၂၈ နှစ်)သည် မိုင်းပေါက်ကွဲမှုဖြစ်၍ ဘယ်ဖက်ခြေတစ်ဖက်ပြတ်ထွက်သွားခဲ့သည့်အတွက် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
အလားတူ ဇူလိုင်လ ၁ ရက်ကလည်း ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာသား ဦးသန်းစိန်မောင် (၄၅ နှစ်)သည် ရွာအနောက်ဘက်ရှိတောင်တွင် နွားပျောက်ရှာစဉ် မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်၍ နောက်တစ်နေ့တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု သိရသည်။
ဇွန်လနှင့် မေလအတွင်းကလည်း ကျောက်တော်၊ အမ်း၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့၍ လူသေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သည်ဟု သိရသည်။ (NN-7)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ