ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်သယ်ဆောင်သည့် နွား ၂၁ ကောင်နှင့်အတူ မှောင်ခိုသမား ၅ ဦးကို မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.1k

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇/ ၂၀၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်သယ်ဆောင်သွားသည့် နွား ၂၁ ကောင်နှင့်အတူ မူဆလင် ၅ ဦးကို မောင်တောမြို့ နယ်အတွင်း ယနေ့ နံနက်ပိုင်းက စက်လှေ တစ်စီးပေါ်မှ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။  

စက်လှေပေါ်ပါသည့် ကျန်  ရခိုင်လူမျိုး ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဖမ်းဆီးရမိသည့် မူဆလင် ၅ ဦးနှင့် ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးမှာ ကျောက်တော်မြို့နယ်မှ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်က မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ၏ ချောင်းဝင်ဝသို့ အရောက်တွင်  စက်လှေရေဝင်ပြီး ကမ်းကပ်လာရာမှ နွား ၂၁ အတူ မူဆလင် ၅ ဦးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အင်းဒင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောသည်။

နွားမှောင်ခို စက်လှေပေါ့နော်။ အဲဒီစက်လှေက ဘင်္ဂလားဒေ့ရှ်ဘက်ကိုသွားတာ။ အဲဒီမှာ အင်းဒင်ချောင်းဝကို အရောက်မှာ စက်လှေကပေါက်ပြီး ရေဝင်ပြီး ကမ်းဘက်ကို ကပ်လာတာ။ အဲဒါကို သတင်းရပြီး ရဲတွေက ဖမ်းလိုက်တာ။ မူဆလင် ၅ ဦးဖမ်းမိတယ်။ ထွက်ပြေးသွားတဲ့ နှစ်ယောက်ကတော့ ရခိုင်ပါပဲဟု ပြောသည်။

လက်ရှိတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး အင်းဒင်ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သူက ပြောသည်။

ဖမ်းဆီးရမိသည့် မူဆလင် ၅ ဦးမှာ အဒူလာကိမ်း (ခ) မောင်လှအေး (၃၉) နှစ်၊ အဒူကာဒီ (ခ) ဦးမောင် (၄၈) နှစ်၊ မာမွတ်အယ်တာ (ခ) လှရွှေမောင် (၃၉) နှစ်၊ စီဘီတာမောင် (ခ) မောင်လှရှည် (၅၁) နှစ်နှင့် ဇော်မင်းဟူဆောင်း (ခ) မီးတုတ် (၄၅) နှစ်တို့ဖြစ်ကြသည်။

ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးမှာ ရခိုင်လူမျိုးဖြစ်ပြီး ၎င်းတို့မှာ ဦးဝင်းသိန်းနှင့် ဦးဘမောင်တို့ ဖြစ်ကြကြောင်း သိရသည်။

သူတို့မောင်းနှင်လာတဲ့ စက်လှေက နည်းနည်းကြီးပါတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားကြတာ။ အင်းဒင်ရဲစခန်းမှာပဲ အမှုဖွင့်ဆောင်ရွက်နေပါတယ်ဟု  ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်အားသိလို၍ အင်းဒင်ရဲစခန်းသို့ နိရဉ္စရာမှ ဆက်သွယ်ရာ စခန်းမှူးအပြင်သို့ထွက်သွားသဖြင့် ဖြေကြား၍ မရသေးကြောင်း ပြောသည်။

လက်ရှိတွင် ယင်း နွား ၂၁ ကောင်နှင့် မူဆလင် ၅ ဦးတို့ကို အင်းဒင်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ