သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြားတွင် ဓားခုတ်ခံရ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.7k

နှင်းနွယ်နီ
နိရဥ္စရာ၊ စက်တင်ဘာ ၂/၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ကန်ချောင်းဝကျေးရွာ၊ ခြိပ်တောင်အုပ်စုတွင် သြဂုတ်လ ၃၁ ရက်က ဓားခုတ်မှုဖြစ်၍ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ ဦးစိန်အောင်သန်း(ခ) မောင်ပျော့ကြီး (၅၆) နှစ်ဖြစ်ပြီး ယာဘက်လည်ပင်း ပြတ်ရှဒဏ်ရာ(၁)ချက်နှင့် အထက်နှုတ်ခမ်းပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာ အခင်းဖြစ်သည့်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ခြိပ်တောင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းရွှေက “သူတို့က သြဂုတ်လ ၃ဝ ရက်နေ့က ရန်ဖြစ်ထားတာကို မကျေနပ်လို့ နောက်တစ်ရက်မှာ ဆက်ဖြစ်ကြတာ။ အဲဒီမှာ တစ်ယောက်က ဓားခုတ်ခံရပြီးတော့ သေသွားတာဖြစ်ပါတယ်။”ဟု နိရဥ္စရာကို ပြောသည်။
သေဆုံးသူ ဦးစိန်အောင်သန်းသည် သြဂုတ်လ ၃၁ ရက် ညနေ ၆ နာရီခန့်က ဇနီးဖြစ်သူနှင့်အတူ နေအိမ်စျေးဆိုင်အတွင်း ထမင်းစားနေစဉ် အိမ်နီးချင်းဖြစ်သူ ဦးမောင်အာနှင့် တူဖြစ်သူ မောင်ဦးဆန်းမောင်တို့က အသင့်ပါလာသော အရှည် ၂ ပေခန့်ရှိ ဓားဖြင့်ခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
သေဆုံးသူနှင့် ပြစ်မှုကျူးလွန်သူတို့သည် သြဂုတ်လ ၃၀ ရက် ညနေ ၄ နာရီခန့်က အပြန်အလှန် အချင်းများခဲ့ကြသည်ကို မကျေနပ်၍ဟုဆိုကာ ဦးမောင်အာတို့တူဝရီးက ဦးစိန်အောင်သန်းအား ဓားဖြင့် ခုတ်ပြီး ထွက်ပြေးသွားကြသည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသွားသူ၏ ဇနီး ဒေါ်မမြသန်းက မင်းပြားမြို့မရဲစခန်းတွင် ကျူးလွန်သူများအားအရေးယူပေးရန်တိုင်တန်းသဖြင့် (ပ)၁၆/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ပြီး ဒုရဲမှူး ကျော်မင်းလွင်က လက်ခံစစ်ဆေးကာ တရားခံဖမ်းဆီးရမိရေး ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ