ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

သံတွဲတွင် မကြာခဏ ဖြစ်ပွားနေသည့်ခိုးမှုများ၌ လူငယ်ပိုင်းများ အများဆုံးပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၁၈ / ၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မကြာခဏဖြစ်ပွားနေသည့်ခိုးမှုများ၌ လူငယ်ပိုင်းများ အများဆုံးပါဝင်ကြောင်း မြို့ခံများက ပြောသည်။
ယခုနောက်ပိုင်းတွင် အသက်မပြည့်သည့်ကလေးများပင် ပါဝင်လာသည်ဟု သံတွဲမြို့ ငကျော်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က နိရဥ္စရာကိုပြောသည်။
“ခိုးတဲ့သူတွေကလည်း အသက်မပြည့်တဲ့ ကလေးတွေထင်တယ်။ ကျနော်ကတော့ ခိုးတာတွေကို မဖြစ်ရအောင် ပပျောက်စေချင်တယ်။ မလိုလားအပ်တာတွေမဖြစ်အောင်”ဟု ပြောသည်။
ငကျော်တောင်ကွင်းရပ်ကွက်အတွင်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်ညကလည်း တစ်ညအတွင်း နေအိမ် ၃ လုံးထံမှ ခိုးယူမှုဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။
ယင်းရပ်ကွက်အတွင်းရှိ ဒေါ်နန်းမြင့်နွယ်၏စျေးဆိုင်ခန်းအတွင်း ပိုက်ဆံထည့်သည့်ပုံးမှ ပိုက်ဆံ ၃ သောင်း၊ ဦးကျော်မြင့်နေအိမ်မှ ဖုန်း ၂ လုံး၊ ဦးမောင်လေးနေအိမ်မှ ကျပ် ၃ သောင်းတန်ဖိုးရှိသောကွမ်းသီးတစ်အိတ်တို့ကို အခိုးခံခဲ့ရသည်ဟု ကာယကံရှင်များက ပြောသည်။
ဒေါ်နန်းမြင့်နွယ်က “ကျမတို့နေတဲ့အိမ်ရဲ့ရှေ့မှာ ကျမရဲ့ဆိုင်ခန်းရှိတယ်။ အဲ့ဆိုင်ခန်းက ပိုက်ဆံပုံးထဲက ပိုက်ဆံသုံးသောင်းပါသွားတယ်။ ကလေးလို့ထင်တယ်။ ခြေရာတွေကိုကြည့်ရတာ။ ပြတင်းပေါက်က ဝင်ခိုးသွားတာ”ဟု ပြောသည်။
ငကျော်တောင်ကွင်းရပ်ကွက် အမှတ် ၅ ရှိအထကခွဲစာသင်ကျောင်းတွင်နေထိုင်သော ကျောင်းဆရာမထံမှလည်း ခိုးယူရန်ကြံစည်ရာတွင် လူငယ်ပိုင်းသူခိုးများအားမြင်တွေ့လိုက်သည့်အတွက် ထွက်ပြေးသွားကြသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ပြောသည်။
ညောင်ပင်စျေးရပ်ကွက်ရှိနေအိမ်တစ်အိမ်မှ ဆိုင်ကယ်ခိုးယူရာတွင်မူ အိမ်ရှင်က သူခိုးအားဖမ်းမိခဲ့သည်ဟု သိရသည်။


ဆက်စပ် သတင်းများ