သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မီးလောင်ဒဏ်ရာဖြင့် စစ်တွေဆေးရုံတင်ထားရသူ သားဖနှစ်ဦးအထဲက သားဖြစ်သူသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.3k

သျှင်မင်းဇံ
နိရဥ္စရာ၊ အောက်တိုဘာ ၂၂/၂၀၂၁
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာမှ နေအိမ်နှစ်လုံးမီးလောင်ခဲ့မှုကြောင့် မီးလောင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် သားအဖနှစ်ဦးသည် စစ်တွေဆေးရုံတွင်ဆေးကုသခံယူနေစဉ် သားဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာမှ ဦးထွန်းထွန်းမြင့် (၃၂ နှစ်)ဖြစ်သည်။
သူသည် မီးလောင်ဒဏ်ရာပြင်းထန်စွာရရှိထားသည့် ဖခင်ဦးမောင်သိန်းနု (၅၅ နှစ်)နှင့်အတူ ယနေ့ အောက်တိုဘာ ၂၂ ရက် ညနေ ၃ နာရီခွဲခန့်က ရသေ့တောင်ဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံတွင် ကုသမှုခံယူနေစဉ် ယနေ့ညနေ ၆ နာရီခွဲခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဦးမောင်သိန်းနု၏ တူမတော်စပ်သူက နိရဥ္စရာသို့ ပြောသည်။
“သားဖြစ်သူက ဆုံးသွားပါပြီ။ သူက အရင်ကတည်းကနေ အသက်ရှူကျပ်တဲ့ဝေဒနာရှိပါတယ်။ ဦးလေးကလည်း စိုးရိမ်ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ် ”ဟု ပြောသည်။
လက်ရှိတွင် သေဆုံးသွားသူ၏ ရုပ်အလောင်းအား စစ်တွေဆေးရုံ ရင်ခွင်ရုံသို့ ပို့ဆောင်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက် ညနေ ၉ နာရီခန့်က ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာနေ ဦးမောင်သိန်းနု နေအိမ်တွင် ဝက်စာချက်နေစဉ် သားဖြစ်သူ ဦးထွန်းထွန်းမြင့်က ဟွန်ဒါစက်လှေတွင် ထည့်မည့် ဓာတ်ဆီဗူးအား ခလုတ်တိုက်မိပြီး ဝက်စာချက်နေသည့် မီးဖိုအား စဉ်သွားရာမှ ဦးမောင်သိန်းနု၏ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာ နေအိမ်မှာ စတင်မီးလောင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းမှတစ်ဆင့် တစ်ခြံတည်းနေ သမီးဖြစ်သူ၏ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာနေအိမ်အား ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် မိသားစုဝင် ၆ ဦး မီးလောင်ဒဏ်ရာ အသီးသီးရရှိသွားခဲ့သည်။
ယင်းအနက် ဦးထွန်းထွန်းမြင့်တို့သားဖတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကျန် ၄ ဦးတွင်လည်း မီးလောင်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
ထို ၄ ဦးအနက် ၃ ဦးမှာ ရသေ့တောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ကျန် ၁ ဦးမှာ ဒဏ်ရာသက်သာ၍ ကျေးရွာသို့ပြန်သွားပြီဟုလည်း သိရသည်။
နေအိမ် ၂ လုံးမီးလောင်ခဲ့မှုကြောင့် အိမ်တန်ဖိုး ကျပ်သိန်းပေါင်း ၁၀၀ ကျော်ခန့််ဆုံးရှုံးသွားပြီး စုဆောင်းထားသည့် ငွေ ကျပ်သိန်း ၁၀၀ သည်လည်း မီးထဲပါသွားခဲ့ကြောင်း ဦးမောင်သိန်းနု၏ညီ ဦးကျော်စိန်မောင်က ပြောသည်။
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ