ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့မစျေးကြီးတွင် အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၁၅ သိန်းခန့်နှင့် ဖုန်းတစ်လုံး အလစ်သုတ်ခိုးယူခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၈/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့မစျေးတွင် ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်က စျေးဝယ်လာသူ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၁၅ သိန်းခန့်နှင့် ဖုန်းတစ်လုံးကို အလစ်သုတ် ခိုးယူသွားကြောင်း သတင်းရရှိသည်။
အဆိုပါအမျိုးသမီးမှာ စစ်တွေမြို့ အောင်မင်္ဂလာမြောက်ရပ်ကွက်နေ ဒေါ်နန်းညိုညိုအေးဖြစ်ပြီး ယနေ့ နံနက်က မြို့မစျေးအရှေ့ ဘေထုတ်တန်းတွင် အခိုးခံလိုက်ရခြင်းဖြစ်သည်။
ကာယကံရှင် ဒေါ်နန်းညိုညိုအေးက “ လူကို အကြွေးဆပ်ရမယ့် ငွေတွေပါ။ စျေးထဲကို မရောက်ခင် ဘေထုတ်တန်းမှာ အဝတ် ဝင်ရွေးနေတာမှာ ပျောက်သွားတာပါ။ ဘေးနားမှာတော့ ဆံပင်ကောက်ကောက် အတိုနဲ့ အသက် သုံးဆယ်ကျော်ခပ်ချောချောလေးတစ်ယောက်တော့ရှိတယ်။ သူသွားပြီး ခဏအကြာမှာ ကျွန်မငွေရှင်းဖို့ ပိုက်ဆံအိတ်ရှာတော့ မရှိတော့ဘူး။ ကိုယ့်ပိုက်ဆံ ပြန်ရချင်တာပေါ့ရှင်” ဟုပြောသည်။
သူမ၏ ပိုက်ဆံအိတ်မှာ ရွှေဆိုင်မှ လက်ဆောင်ရထားသည့် ပန်းရောင် လက်ကိုင်အိတ် အမျိုးအစား ဖြစ်ပြီး၊ အိတ်ထဲတွင် ငွေ ၁၅ သိန်းနီးပါးနှင့် လေးသိန်းတန် Huawei ဖုန််တစ်လုံးပါသွားသည်ဟု သူမကဆက်ပြောသည်။
၄င်းကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့အမှတ်(၁) ရဲစခန်းတွင် တိုင်တန်း ထားကြောင်း သူမက ပြောဆိုသဖြင့် အဆိုပါရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းမကိုင်သဖြင့် ရဲတပ်ဖွဲ့၏ အတည်ပြုချက် တစ်စုံတစ်ရာ မသိရသေးပါ။
မြို့မစျေးကော်မတီ ဥက္ကဋ္ဌဦးအောင်သိန်းကျော်က ယနေ့တွင် စျေးပိတ်ရက် ဖြစ်ပြီး အသားငါးနှင့် ဟင်းသီးဟင်းရွက်သည်အချို့မှာ နေ့ထက်ဝက်ခန့်သာ ရောင်းချပေးကြကြောင်း ပြောသည်။
“ ဒီနေ့က စျေးပိတ်ရက်ဆိုတော့ ဦးလေးတို့လည်း စျေးကိုမသွားဖြစ်လိုက်ဘူး။ ဘယ်လိုဖြစ်သွားတာလဲ မသိဘူး။ အခုစျေးကိုသွားလေ့လာဖို့ လုပ်နေပါတယ်” ဟုပြောသည်။
စစ်တွေမြို့ရှိမြို့မစျေးကြီးမှာ တနင်္ဂနွေနေ့တိုင်း နံနက် ၁၂ နာရီအထိသာ စျေးသည် တချို့ စျေးရောင်း ကြပြီး ဘေထုတ်ရောင်းသူများမှာ တနင်္ဂနွေနေ့ တစ်ရက်ကို စျေးကြီးရှေ့လမ်းမကြီးပေါ်တွင် ပျံကျသဘော ရောင်းချနေကြခြင်း ဖြစ်ကြောင်း သိရသည်။
----------------

ဆက်စပ် သတင်းများ