ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရန်ကုန်တိုင်းလှည်းကူးမြို့နယ်တွင် သံတွဲမြို့မှလူငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးလုယက်သတ်ဖြတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 255

နှင်းနွယ်နီ
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉/၂၀၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က သံတွဲမြို့မှ ရခိုင်လူငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
လုယက်သတ်ဖြတ်ခံရသူနှစ်ဦးမှာ သံတွဲမြို့နယ်၊ ငပလီမြို့ လင်းသာရပ်ကွက်တွင် နေထိုင်သူ ကိုကျော်မင်းဝေ (ခ) ညီလေးပု (၂၅ နှစ်) နှင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်က ကိုပြုံးမောင်မောင် ( ၃၃ နှစ်)တို့ဖြစ်ကြောင်း သိရသည်။
ကိုကျော်မင်းဝေနှင့် ကိုပြုံးမောင်မောင်တို့နှစ်ဦးမှာ ငပလီမြို့ လင်းသာရပ်ကွက်မှ နေအိမ်တွင် အတူနေထိုင်သူများဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်က ရန်ကုန်တွင် ဆေးခန်းပြရန် လေယာဉ်ဖြင့်လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်ဦးသည် ယနေ့ နိုဝင်ဘာလ ၂၉ ရက် မနက်ပိုင်းက ရန်ကုန်မြို့မှနေ၍ ကျိုက်ထီးရိုးဘုရားဖူးရန် တက္ကဆီအငှားယာဉ်ဖြင့်သွားစဉ် လှည်းကူးမြို့နှင့် ပဲခူးအကြားတွင် လုယက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ကိုကျော်မင်းဝေ၏ယောက်ဖဖြစ်သူ ကိုမင်းမင်းက ပြောသည်။
“အလောင်းကိုက ၈ နာရီခွဲလောက်မှာ ရဲကတွေ့တာတဲ့။ တက္ကဆီသမားလုပ်တယ်လို့ပဲ ကျနော်တို့က ထင်မြင်ယူဆတာပေါ့။ ပျောက်ဆုံးတာကတော့ သူတို့မှာလက်ဝတ်လက်စားလည်း ၁၀ ကျပ်သား ကျော်ကျော်လောက်ပါမှာ။ အကုန်လုံးယူသွားတာ။ ငွေကလည်းပဲ လေး ငါးဆယ်ဝန်းကျင်လောက် ပါမယ်။ ခရီးဆောင်အိတ်တစ်လုံးလည်းပါသွားတယ်။ ဖုန်းနှစ်လုံးပါသွားတယ်”ဟုပြောသည်။
လက်ရှိတွင် သူတို့နှစ်ဦးအား ရင်ခွဲစစ်ဆေးနေတုန်းဖြစ်ကြောင်း လှည်းကူးမြို့မ ရဲစခန်းက ဒုရဲမှူး မြင့်စိုးဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။
“ကျနော်လောလောဆယ် ရင်ခွဲရုံကိုရောက်နေတယ်။ ရင်ခွဲစိပ် စစ်ဆေးတုန်းပါ” ဟုပြောသည်။
ကိုကျော်မင်းဝေ၏ရုပ်အလောင်းကို သံတွဲမြို့မှ နေအိမ်သို့ ယူဆောင် လာမည်ဖြစ်ပြီး ကိုပြုံးမောင်မောင်၏ရုပ်အလောင်းကို သူ့၏ဆွေမျိုးများရှိရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၊ ဇီးပင်ပေါက်ကျေးရွာသို့ ယူဆောင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo - Nyi Lay/အန်ကယ်လေး

ဆက်စပ် သတင်းများ