ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် နေ့စဉ်ရက်ဆက် တရားမဝင်သစ်များဖမ်းဆီးမှုရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.6k

နိရဉ္စရာ၊ ဒီဇင်ဘာ ၆/၂၀၂၁

ရခိုင်ပြည်နယ်တွင် တရားမဝင် ခိုးသစ်များကို နေ့စဉ်ဖမ်းဆီးမိနေရာ လွန်ခဲ့သည့် ၃ ရက်တာ ကာလအတွင်း ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အတွင်း ကျွန်းသစ် အပါအဝင် သစ်တန်ချိန် ခြောက်တန်ကျော် ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။

ယမန်နေ့ ဒီဇင်ဘာ ၅ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် ဂွမြို့နယ်၊ ဒေါင့်ချောင်းအုပ်စု၊ တောင်ညိုပြင်ကာကွယ်တော အကွက်အမှတ်(၁၁၁)အတွင်း၌ တောင်သရက်ခွဲသား ၂၂ ချောင်း တန်ချိန် ဒဿမ ၃၅၆ တန် (ကာလတန်ဖိုး ၄၄၃၉၁၆) ကျပ်အား ပိုင်ရှင့်မဲ့သိမ်းဆည်းရမိခဲ့သည်ဟု ရခိုင်နေ့စဉ်တွင် သတင်း ဖော်ပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဂွမြို့နယ်မှ ဒေသခံ တစ်ဦးအား ဆက်သွယ်ရာ ၎င်းက ယခုအခါ ဂွမြို့နယ်မှ သစ်များကို ကားများဖြင့် မှောင်ခိုထုတ်လုပ်ခြင်းထက် စက်လှေများ၊ မော်တော်ဘုတ် များဖြင့် ခိုးထုတ်လာကြသည်ဟု ပြောသည်။

 အခုက အရင်ကထက် ခိုးထုတ်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ ကားတွေနဲ့ မထုတ်ဘဲ စက်လှေတွေနဲ့ ထုတ်တော့ သစ်တွေ ပိုပါတာပေါ့။ ဒီလိုဘဲ လုပ်စားနေကြတယ်လို့ ပြောရဖို့ဟု ပြောဆိုသည်။

ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ပြည်မြို့ဘက်မှ မောင်းနှင်လာသော ယာဉ်တစ်စီအား တောင်ကုတ်မြို့၊ ကြိုးကြာကွင်း ပူးပေါင်းစစ်ဆေးဂိတ်မှ ပူးပေါင်းအဖွဲ့က  ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၄၃ ချောင်း ဒဿမ ၆၇၆ တန်ခန့် (ကာလတန်ဖိုး ၉၈၃၈၀၀ ကျပ်ခန့်)ကို လူနှစ်ဦး အတူ ဖမ်းမိခဲ့သည်ဟု ၎င်းရခိုင်နေ့စဉ် သတင်းတွင်ပင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သစ်တန်ချိန် ၁,၈၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၅,၀၀၀ ကျော်အထိဖမ်းမိခဲ့သည်ဟု ပြည်နယ်သစ်တော ဦးစီးဌာနက နိရဥ္စရာ သတင်းဌာကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြောဆိုထားသည်။

၎င်းဖမ်းမိသည့် သစ်တန်ချိန်များကို တွက်ချက်မှုအရ သစ်မှောင်ခိုထုတ်မှု သည် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ယခင် ၂၀၁၉-၂၀၂၀ ခုနှစ်ကထက် သုံးဆနီးပါးခန့် ပိုများလာခဲ့သည်ဟု ဆိုသည်။

 

(ဓာတ်ပုံ - မြန်မာမှ တရားမဝင်သစ်များကို လက်ခံဝယ်ယူသည့် တက်ကနက် ဘောင်တော်ဆိပ်ကမ်းကို တွေ့ရစဉ်။)

ဆက်စပ် သတင်းများ