သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေရန်ပြေမာန်ပြေဘုရားမှ သိန်း ၆၀ ကျော်ဖိုး ပစ္စည်းများခိုးယူခဲ့သည့် သူခိုးများအား ၃ ရက်အကြာတွင် ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၂၅ /၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ မိဇံရပ်ကွက်၊ BXT ဆိပ်ကမ်းနားတွင် အဓိဌာန် ဆရာတော်ကြီး တည်နေသော ရန်ပြေမာန်ပြေဘုရား ဆောက်လုပ်ရေး လုပ်ငန်းခွင်က ဆောက်လုပ်ရေးပစ္စည်း သိန်း၆၀ ကျော်ဖိုးခိုးယူသွားသည့် သူခိုး ၃ ဦးအား ၃ ရက်အကြာတွင် ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။
၎င်းသူခိုး ၃ ဦးအား ယမန်နေ့ ဧပြီ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ဖမ်းမိထားသည်ဟု စစ်တွေ ရန်ပြေမာန်ပြေ ဘုရားဆောက်လုပ်ရေးတာဝန်ခံ ဦးစံမြက ပြောသည်။
" သူတို့က အုပ်စုဖွဲ့ပြီး လိုက်ခိုးနေတယ်လို့ပြောတယ်။ ကျနော်တို့သိရတာက ဆောက်လုပ်ရေး အရောင်းဆိုင်တွေကို စုံစမ်းတော့ အဲ့ကနေ သဲလွန်စရပြီး စဖမ်းမိတာ။ ပစ္စည်းတွေတော့ တစ်ချို့ တစ်ဝက်တော့ပြန်ရပြီ"ဟု ပြောသည်။
ခိုးယူခံရသည့် ပစ္စည်းများမှာ အချင်း ၄ လက်မ၊ အရှည် ၁ဝ ပေရှိသည့် သံပိုက် ၂၁ ချောင်း၊ ၂၅ ကောင် ဝပ်ရှိ မီးစက်တစ်လုံး၊ 10 kv ဒိုင်နမိုစက် ၂ လုံးတို့ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၀နှင့် ၂၁ ရက်နေ့တို့တွင် အခိုးခံလိုက်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ စစ်တွေတွင်အုပ်စုလိုက် မကြာခဏခိုးမှုများ ဖြစ်ခြင်းမှာ ဥပဒေစိုးမိုးမှုမရှိခြင်းကို ဖော်ပြနေခြင်း ဖြစ်ပြီး တစ်ခြားတစ်ဘက်တွင်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် ခိုးမှုများ ထူပြောလာခြင်း ဖြစ်သည်ဟု ဦးစံမြကပြောသည်။
" ဒီလိုမကြာခဏဒီလိုခိုးမှုတွေဖြစ်တာ ဥပဒေစိုးမိုးမှုမရှိလို့။ နောက်တစ်ခုက အလုပ်အကိုင်တွေ အရမ်းရှားပါးလို့။ ပြီးတော့တချို့ဆိုင်တွေက အဲသလို ခိုးလို့လာရောင်းတဲ့ပစ္စည်းဆို ဝယ်ကြလို့ သူခိုးတွေပေါလာတာ"ဟု ပြောသည်။
လက်ရှိတွင် ဖမ်းမိထားသည့် သူခိုး ၃ ဦးအနက် တစ်ဦးကို စစ်တွေအမှတ် ၁ ရဲစခန်းတွင် အမှုဖွင့် ပြီး စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ အဖမ်းအဆီးကိစ္စ စစ်တွေအမှတ် (၁)ရဲစခန်းကို အတည်ပြုချက်ရယူရန် ဖုန်းဆက်သော်လည်း ဆက်သွယ်မရခဲ့ပါ။
စစ်တွေရှိ အဓိဌာန်ဆရာတော်တည်ထားသည့် ရန်ပြေမာန်ပြေဘုရားကြီးကို ၂၀၂၀ မတ်လမှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ မေ လတွင်ပြီးစီးမည်ဟု သိရသည်။ အဆိုပါ ဘုရားမှာဉာဏ်တော် ၇၂ပေ နှင့်ပလလ္လင်တော် အမြင့်မှာ ၁၁ ပေရှိပြီး အဓိဌာန်ဆရာတော်ဘုရားတည်ခဲ့သော ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဘုရားဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ