ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်မှ အမျိုးသမီးငယ်များအပါအဝင် ဒေသခံ ၁၁ ဦးကို မလေးရှားသို့ ပို့ပေးမည်ဟုဆိုကာ ငွေကျပ်သိန်း ၄၀ ကျော် လိမ်လည်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 785


နိရဥ္စရာ၊ ဒီဇင်ဘာ /၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အမျိုးသမီးငယ်များအပါအဝင် ဒေသခံ ၁၁ ဦးကို မလေးရှားသို့ပို့ပေးမည်ဟုဆိုကာ ငွေကျပ်သိန်း ၄၀ ကျော် လိမ်လည်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ငွေလိမ်လည်ခံရသူများမှာ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ လင်ကွိကျေးရွာမှ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၄ ဦး၊ တောင်ပူစီကျေးရွာမှ အမျိုးသား ၁ ဦးနှင့် လောင်းရှည်ကျေးရွာမှ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၁၁ ဦးဖြစ်ကြသည်။

သူတို့ကို ကျောက်တော်မြို့နယ် မုန့်သန်းပြင်ကျေးရွာမှ ဒေါ်ဦးမြသန်း(၃၈)နှစ်က ရန်ကုန်ရှိ ကုမ္ပဏီတစ်ခုက မလေးရှားသို့ပို့ပေးမည်ဖြစ်ပြီး ၁ ဦးလျှင် ရန်ကုန်သို့အရောက် ကျပ် ၈ သိန်းနှင့် ရန်ကုန်မှ မလေးရှားနယ်စပ်သို့အရောက် ကျပ် ၇ သိန်းပေးရမည်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်တွင် ပီချောင်းဒေသသို့သွားရောက်စည်းရုံးခဲ့သည်ဟု သိရသည်။

ယင်းနောက် သူတို့ ၁၁ ဦးသည် နိုဝင်ဘာလ ၂၉ ရက်တွင် ရန်ကုန်သို့ ကားဖြင့်သွားရောက်ပြီး မလေးရှားသို့ပို့ပေးမည့် ကုမ္ပဏီဘက်မှဆိုသူများကို Wave Money မှတဆင့် ကျပ် ၄၅ သိန်းအား သူတို့ ၁၁ ဦးကစုပေါင်းကာ ကနဦးလွှဲပေးလိုက်ရသည်ဟု သိရသည်။

ယင်းသို့ လွှဲပေးပြီးနောက် ကုမ္ပဏီဘက်မှဆိုသူများနှင့် အဆက်အသွယ်လုံးဝမရတော့ဘဲ ရန်ကုန်တွင် ၃ ရက် အကူအညီမဲ့နေခဲ့ကာ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မှတဆင့် ကျောက်တော်မြို့သို့ ကားဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သူတို့အား ကူညီပေးခဲ့သည့် ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

"သူတို့က အဲဒီကုမ္ပဏီဘက်ကဆိုသူတွေကို အပြင်မှာတွေ့လည်း မတွေ့ဖူးဘူး။ ဖုန်းကနေပဲပြောကြတာ။ ငွေလွှဲပေးပြီးနောက် ဟိုကောင်တွေက ခြေရာဖျောက်သွားခဲ့တော့ ဒီမှာ ဒုက္ခရောက်ကျန်ခဲ့တာပေါ့"ဟု ပြောသည်။

လက်ရှိတွင် အဆိုပါဖြစ်စဥ်အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ကိုတိုင်ကြားထား၍ ULA က မုန့်သန်းပြင်ကျေးရွာမှ ဒေါ်ဦးမြသန်းကို စတင်စစ်ဆေးနေပြီဟု သူက ဆက်ပြောသည်။

ကနဦးစစ်ဆေးချက်အရ ဒေါ်ဦးမြသန်းကလည်း မလေးရှားသို့ပို့ပေးမည်ဟု ဆိုသည့်ကုမ္ပဏီဟုဆိုကာ သူ့ကို အွန်လိုင်းမှ လာရောက်ဆက်သွယ်လာသည့်အတွက် ယခုကဲ့သို့ စည်းရုံးပေးခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်လာသူတို့တွင် မည်သည့်နှစ်ဦးပါဝင်၍ မည်သူမည်ဝါတို့ ဖြစ်သည်ဆိုသည်ကိုလည်း မသိခဲ့ရဟုထွက်ဆိုကြောင်း သိရသည်။

သူမအား ULA က ဆက်လက်စစ်ဆေးနေသေးကြောင်း သိရသည်။

ငွေလိမ်ခံရသူ ၁၁ ဦးတွင် အရွယ်ကောင်းအမျိုးသမီးငယ်များနှင့် အမျိုးသားများပါရှိပြီး သူတို့၏ ပညာဥာဏ်နည်းပါး၍ ရိုးသားပွင့်လင်းမှုတို့ကို အခွင့်ကောင်းယူကာ မသမာသူတို့က ယခုကဲ့သို့ လိမ်လည်သွားခြင်းဖြစ်သည်ဟု သူတို့အား ကူညီပေးသူများက ပြောကြသည်။

လက်ရှိတွင် ငွေလိမ်ခံရသူများသည် ယမန်နေ့ ဒီဇင်ဘာလ ၅ ရက် နံနက်က ကျောက်တော်မှတဆင့် သူတို့၏ကျေးရွာအသီးသီးသို့ ပြန်သွားကြပြီဖြစ်သည်။

ဓာတ်ပုံ - ငွေလိမ်လည်သွားသူများအား တွေ့ရစဥ်။

 

ဆက်စပ် သတင်းများ