အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနယ်မြေတာဝန်ရှိသူများက လိုင်းကြေးကောက်ပြီး လောင်းကစားဝိုင်းများတွင်တွင်ကျယ်ကျယ်ပြုလုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

နိရဥ္စရာ၊ ဇန်နဝါရီ ၇/၂၀၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကျေးအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး လိုင်းကြေးကောက်ခံကာ လောင်းကစားဝိုင်းများကို နေရာအနှံ့အပြားတွင် တွင်တွင်ကျယ်ကျယ်ပြုလုပ်နေကြောင်း သတင်းရရှိသည်။ 

တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာမှ အမည်မဖော်လိုသူ ရွာသားတစ်ဦးက "တောင်ကုတ်မှာက နေရာစုံ၊ တိုက်နယ်အစုံမှာ သူတို့လုပ်ကြတယ်။ ဟိုရွာမှာ ငါးရက်လုပ်လိုက်၊ ဒီရွာမှာလုပ်လိုက်နဲ့ ကြားနေရတယ်။ ရေလယ်ကျွန်းမှာ (၅) ရက်၊ မြို့ထဲ ကားဂိတ်နောက်ဘက်တွေမှာ (၅)ရက်၊ နောက်နေရာတွေကိုလည်း လှည့်ပြီးချနေတာပါ။ အဓိက နယ်မြေမှာ စစ်ကောင်စီ တာဝန်ရှိသူတွေက ဦးဆောင်တာတွေရှိတယ်။ သူတို့နဲ့ဆိုင်တဲ့ အထက်က သူတွေကို လိုင်းကြေးပေးပြီး ပြုလုပ်နေကြတာဖြစ်တယ်"ဟု ပြောသည်။ 

တောင်ကုတ်မြို့ပေါ် နှင့် မြို့နယ်ကျေးရွာတချို့တွင် အဓိက ပြုလုပ်ကြသည့် လောင်းကစားမှာ ကြက်ဝိုင်း (၆)ကောင်ဂျင်ကစားဝိုင်းများဖြစ်ကြသည်ဟု ဒေသခံများကပြောသည်။

နတ်မော်ကျေးရွာတွင် ဒီဇင်ဘာ ၁ ရက်နေ့မှစကာ ပထမအကြိမ် (၃) ရက်တာ လောင်းကစားဝိုင်း စလုပ်ခဲ့ပြီးနောက် နေ့စဉ်ရက်ဆက်ဆိုသလို  မကြာခဏ လောင်းကစားဝိုင်းကျင်းပလျက်ရှိကြောင်း ဇန်နဝါရီ ၇ ရက်နေ့ထိ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း  ကျေးရွာသားများက ပြောသည်။ 

အဆိုပါ လောင်းကစားဝိုင်းသည် လူ(၄၀) မှ (၈၀) ခန့်အထိ စည်းကားကြောင်းလည်း သိရသည်။ 

"ကြက်ဝိုင်းတစ်ဝိုင်းမှာဆို အနည်းဆုံး လူလေးငါးရှစ်ဆယ်လောက်ရှိတယ်။ အုပ်ချုပ်ရေးမှူတွေကိုလည်း တစ်ရက် ငါးသောင်းလောက်ပေးရတယ် ပြောတယ်။ အဓိကကတော့ အုပ်ချုပ်ရေးမှူးရယ်၊ စစ်ကောင်စီတပ်သားတွေရယ် ပူးပေါင်းပြီးလုပ်နေကြတာပါ"ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။ 

အဆိုပါ လောင်းကစားဝိုင်းကို ကန်ထရိုက်သဘောဖြင့် စစ်ကောင်စီ မှုခင်းထောက်လှမ်ရေးတစ်ဦးက ဦးဆောင်စီစဉ်ကာ သက်ဆိုင်ရာစစ်သား နှင့်ရဲသားများအပြင် အုပ်ချုပ်ရေးမှူးတို့ကိုလည်း ငွေကြေးပေးပြီး လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ 

အဓိက ဦးဆောင်နေတာက စစ်ကောင်စီမှုခင်း ထောက်လှမ်းရေး ဦးသက်ဆိုလားပဲခေါ်ကြတယ်။ ကန်ထရိုက်သဘော နဲ့   မင်းတို့ ၃ ရက်ကို ဘယ်လောက်၊ ၅ ရက်ကိုဘယ်လောက်ဆိုပြီး စီစဉ်ပေးတယ်။ ၁၀ သိန်း၊ ၁၅ သိန်းအထိပေးရတယ်။ ဒီလိုပဲပေါင်းစားကြတာပေါ့။ ကြက်ဝိုင်း၊ ၆ကောင်ဂျင်ကို လာကစားတဲ့လူတွေလည်း တော်တော်များများတယ်။ သံတွဲဖက်က အထိ လာကြတာတွေရှိတယ်"ဟု ပြောသည်။

လောင်းကစားဝိုင်းအတွင်း စစ်သား နှင့်ရဲသားများ အရပ်ဝတ်လဲကာ ပါဝင် ကစားမှုများလည်းရှိသည်ဟု ဒေသခံများက ပြောသည်။ 

ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ ရခိုင်ပြည်သူလူထုကို လမ်းမှားရောက်အောင် လမ်းဖောက် ပေးနေခြင်းဖြစ်ပြီး အမြန်ဆုံး တားဆီးရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

ယခုကဲ့သို့ လောင်းကစားဝိုင်းကြီးများကျင်းပနေမှု ပတ်သက်ပြီး တောင်ကုတ်မြို့နယ်ရဲစခန်းမှူး ဦးဇော်လတ်အား ဆက်သွယ်မေးမြန်းရာ  "ဒါမျိုးကတော့ မဟုတ်ပါဘူး။ မရှိပါဘူး။ ကျနော်တို့ လောင်းကစားနဲ့ပတ်သက်ပြီး ဖမ်းနေတာမျိုးတွေလည်း ရှိပါတယ်။ အရေးယူဖို့လည်းရှိပါတယ်။ ကျနော်ပြန်ကြည့်ရအုံးမယ် လွဲသွားမှာစိုးလို့ ပါ"ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။ (NN-7)

(ဓာတ်ပုံ- တောင်ကုတ်မြို့နယ် ကျေးရွာတစ်ခုတွင် စစ်ကောင်စီတာဝန်ရှိသူများက လောင်းကြေးယူပြီး  ပြုလုပ်နေသည့်ကြက်ဝိုင်း)

ဆက်စပ် သတင်းများ