အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် ခိုးဆိုးလုယက်မှုတိုးများလာ၊ ကျောက်တော်တွင် ဈေးဆိုင်ခန်းအတွင်းမှ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများခိုးယူခံခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.3k

နိရဉ္စရာ၊ ဇန်နဝါရီ /၂၀၂၃

ရခိုင်တွင် ယခုရက်ပိုင်းအတွင်း ခိုးဆိုးလုယက်မှုများ တိုးပွားလာနေပြီး ကျောက်တော်မြို့တွင်လည်း လွန်ခဲ့သော တစ်ပတ်ခန့်က ကျပ်သိန်း ၃၀၀ ကျော်ဖိုး ရွှေထည်များ အခိုးခံခဲ့ရသည်ဟု မိသားစုများက ပြောသည်။

ကျောက်တော်မြို့၊  ရှမ်းရွာရပ်ကွက်ဈေးတွင် အထည်ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် ဒေါ်စိန်ကျော့နု (၆၈) နှစ် ပိုင်ဆိုင်သည့် ဈေးဆိုင်ခန်းအတွင်းမှ ဒီဇင်ဘာ ၃၁ ရက်က ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ၊ ငွေသား ၁၇ သိန်းကျော်နှင့် ဖုန်း ၂ လုံး ခိုးယူခံလိုက်ရသည်ဟု ဆိုသည်။

ကာကယံရှင်၏ သမီးဖြစ်သူက အမေက အရင် တစ်ရက်၊ နှစ်ရက်တုန်းက ရှင်ပြုပွဲသွားပြီး ရွှေထည်တွေကို ပိုက်ဆံအိတ်ထဲ ထည့်ထားတာ။ ဖြစ်ချင်တာက မပျောက်ခင် ၃၀ ရက်နေ့က ဘုံစုငွေ ၁၅ သိန်း အမေထုတ်ရတယ်။ အဲဒီငွေကို လိုချင်လို့ တက်ခိုးတာထင်တယ်။ ရွှေထည်တွေလည်း အိမ်မှာ မထားရသေးတော့ တပါတည်းခိုးသွားတာ။ ပစ္စည်းတွေထည့်ထားတဲ့ ပိုက်ဆံအိတ် အမဲကိုပါ ခိုးသွားတာ။ ငွေစာရင်း စာအုပ် ၂ အုပ်ကိုပဲ ချန်ထားခဲ့တယ်။ ခိုးတာက အနီးအနားက အတွင်းသိတဲ့ သူပဲဖြစ်နိုင်တယ်ဟုပြောသည်။

 ဒီဇင်ဘာ ၃၁ ရက် နံနက် ၇ နာရီ ၁၀ မိနစ် ဝန်းကျင်ခန့်က ရှမ်းရွာရပ်ကွက်မှဈေးတွင် ဆိုင်ဖွင့်ပြီးနောက် ခေါင်းမူး၍ ဆေးဝယ်ရန်သွားချိန် ၇ မိနစ်ခန့်အကြာတွင် ဆိုင်ခန်းထဲ၌ ထားခဲ့သည့် ရွှေထည်ပစ္စည်း၊ ငွေသားများနှင့် ဖုန်း ၂ လုံး ခိုးယူခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ရွှေထည်ပစ္စည်းများ ခိုးယူခံလိုက်ရသည့်အချိန်သည် ဈေးဆိုင်များ ဖွင့်သည့်အချိန်သာဖြစ်ပြီး ဈေးဝယ်သူများ မရှိသေးသည့်အချိန်ဖြစ်သည်ဟု သူမက ဆက်ပြောသည်။

အမေက အဲဒီပစ္စည်းတွေထည့်ထားတဲ့ ပိုက်ဆံအိတ်ကို အဝတ်ထည့်တဲ့ ဂျပ်ဖာဘူးထဲကို ထည့်ပြီး အပေါ်က စောင်ခြုံထားခဲ့တာ။ အခိုးခံလိုက်ရတာကိုတော့ အဲဒီနေ့ မနက် နာရီကျော်လောက်က သားဆီကို ဖုန်းဆက်ဖို့ ဖုန်းရှာမှ သိတာ။ အခု အမေလည်း တစ်သက်လုံး စုဆောင်းထားတဲ့ ပစ္စည်းတွေ အခိုးခံလိုက်ရလို့ စားမဝင်၊ အိပ်မပျော်ဖြစ်နေပြီဟုပြောသည်။

ခိုးယူခံလိုက်ရသည့် ပစ္စည်းများမှာ လည်ဆွဲ ၁ ကုံး (၅ ကျပ် ၁၀ပဲ)၊ လေးထောင့်ပုံရိုက် ဘုရင်မဆွဲခွက် ၁ခု (၁၂ ပဲ)၊ စိန်ဆွဲခွက် ပုံကြီး တစ်ခု၊ ပုလဲဥလက်ကောက် ၄ ကွင်း (၂ ကျပ်)၊ ကျောက်တစ်တန်း လက်ကောက် ၂ ကွင်း (၂ ကျပ်)၊ အင်္ကျီကြယ်သီး ၁ ရံ (၁၀) ပဲ၊ ကလစ် ၁ ခု (၅ ပဲ)၊ ကျောက်လက်စွပ်ရွှေထမင်းပုံ ၁ကွင်း (၃ ပဲ)၊ ငွေသား ၁၇ သိန်းကျော်၊ ကီးပတ်ဖုန်း တစ်လုံးနှင့် Tecno အမျိုးအစား တော့စခရင်ဖုန်း တစ်လုံးတို့ဖြစ်ပြီး စုစုပေါင်း အခိုးခံလိုက်ရသည်မှာ ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်သည်ဟု မိသားစုဝင်များကပြောသည်။

တရားခံအား ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့ အစည်းများသို့ တိုင်ကြားထားသည်ဟု သိရသည်။

အလားတူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ မင်းဂံအုပ်စု၊ မင်းဂံကျေးရွာမှ ဦးမောင်စောရင်၏ နေအိမ်ကို မိသားစုများ လယ်ထဲသွားနေစဉ် နေအိမ်ကို ဖောက်ထွင်းကာ သိန်း ၁၈၀ ဖိုးခန့်ရှိသည့် ွှေ(၇) ကျပ် ခိုးယူသွားခဲ့သည်ဟု သိရှိရသည်။

 

(NN-3)

ဆက်စပ် သတင်းများ