သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် (၁၄) နှစ်အရွယ် မွတ်ဆလင်ကျောင်းသားတစ်ဦး သတ်ဖြတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.2k

နိရဉ္စရာ၊ ဧပြီ ၃/၂၀၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအုပ်စု အာကာတောင်ကျေးရွာမှ (၁၄)နှစ်အရွယ် မွတ်ဆလင် ကျောင်းသားတစ်ဦးသည် ပြီးခဲ့သည့်ရက်ပိုင်းက အသတ်ခံလိုက်ရသည်ဟု သတင်းရရှိသည်။

အသတ်ခံရသူမှာ ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာမှ Grade-9 ကျောင်းသား မောင်မာမတ်ဆာတက်ဖြစ်ပြီး လွန်ခဲ့သည့် မတ်လ ၃၁ ရက်၊ ညနေ ၃ နာရီခန့်က ၎င်းနေထိုင်ရာ အာကာတောင်ကျေးရွာမှ သမီးလှကျေးရွာသို့ တစ်ဦးတည်း ခြေကျင် သွားရောက်စဉ် လမ်းတွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတ်ဖြတ်ခံရသူနှင့် ယင်းနေ့ညအချိန်ထိ ဖုန်းအဆက်အသွယ်မရ၊ သတင်းမကြားရဘဲ ပျောက်ဆုံးနေသဖြင့် ရွာသူ၊ ရွာသားများနှင့် မိသားစုများက လိုက်ရှာခဲ့ကြရာ ဧပြီလ ၁ ရက်၊ နံနက် ၃ နာရီခန့်တွင် သမီးလှကျေးရွာအနီးရှိ အုန်းတော (ဓနိတော) ထဲတွင် လည်ပင်း ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အာကာတောင်ကျေးရွာရှိ ရွာလူကြီးတစ်ဦးက ပြောသည်။

"သူ့ကိုတွေ့တဲ့အချိန်မှာ လည်ပင်းမှာ ဒဏ်ရာတွေ ရထားပါတယ်။ ခေါင်းမပြတ်ရုံတမယ်ပါပဲ။ ဒီကိစ္စကြောင့် ရွာထဲကလူတွေလည်း အရမ်းစိုးရိမ်ကြောင့်ကြနေကြပါတယ်" ဟုပြောသည်။

သတ်ဖြတ်ခံရသည့် မွတ်ဆလင်ကျောင်းသား၏ ဘယ်ဘက်လက်တွင်ဝတ်ထားသည့် ရွှေတစ်ကျပ်သားလက်စွပ်လည်း ပျောက်ဆုံးနေကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် ၎င်းအားသတ်ဖြတ်ခဲ့သည်ဟုယူဆရသည့် သမီးလှကျေးရွာမှ မွတ်ဆလင်အမျိုးသားနှစ်ဦးကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

အသတ်ခံလိုက်ရသည့် မွတ်ဆလင်ကျောင်းသား၏အလောင်းကို ယမန်နေ့ ဧပြီလ ၂ ရက်၊ နေ့လယ်က သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ (NN-8)

 

Photo - CJ

 

ဆက်စပ် သတင်းများ