သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပေါက်တောတွင် လူငယ်တစ်ဦး တောင်ပေါ်မှ ခုန်ချပြီး အဆုံးစီရင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

(ရခိုင်တွင် ၄ ရက်အတွင်း အဆုံးစီရင်သူ ၃ ဦးရှိလာ)

နိရဥ္စရာ၊ ဧပြီ ၂၇/၂၀၂၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှ လူငယ်တစ်ဦးသည် တောင်ပေါ်မှ ခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူမှာ ပေါက်တောမြို့၊ အမှတ်(၃)ရက်ကွက်မှ အသက်(၂၆)နှစ်အရွယ် ကိုမောင်ဖြူချေဆိုသူဖြစ်သည်။

သူသည် ယမန်နေ့ ဧပြီလ ၂၆ ရက်၊ နေ့လယ် ၁ နာရီခန့်က ပေါက်တောမြို့ရှိ လောကထိပ်ပန်ဘုရားကိန်းဝပ်နေသည့်တောင်ပေါ်မှ ခုန်ချကာ အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်ဟု အမှတ်(၃)ရပ်ကွက်မှ မြို့ခံတစ်ဦးက ပြောသည်။

"ဘုရားတောင်ပေါ်ကိုတက်လာပြီးတော့ တောင်ထိပ်ကနေ ခုန်ချသွားတာ။ ဘုရားမှာရှိနေကြတဲ့ သူတွေကလည်း သူခုန်ချမယ်လို့ထင်မထားကြတော့ ဘာမှမကူညီနိုင်ခဲ့ကြဘူး" ဟု ပြောသည်။

ကိုမောင်ဖြူချေမှာ တောင်ပေါ်မှခုန်ချလိုက်မှုကြောင့် ဒဏ်ရာများပြင်းထန်သဖြင့် ပေါက်တောမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်သွားခဲ့ကြသော်လည်း ဆေးရုံအရောက်မှာပင် အသက်သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

တောင်ပေါ်မှခုန်ချ၍ သေဆုံးသွားသည့် ကိုမောင်ဖြူချေမှာ ဆေးစွဲနေသူတစ်ဦးဖြစ်ပြီး ဆေးကြောင်လျက် တောင်ပေါ်မှ ခုန်ချသွားခြင်းဖြစ်သည်ဟုလည်း မြို့ခံများက ပြောဆိုကြသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်က စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်မှ အသက်(၁၉)နှစ်အရွယ် မောင်စိုးနိုင်ဝင်းနှင့် ဧပြီလ ၂၄ ရက်က တောင်ကုတ်မြို့နယ်၊ ရွာမရွာမှ အသက်(၆၄)နှစ်အရွယ် ဦးထွေးရီတို့မှာ မိမိကိုယ်ကို ကြိုးဆွဲချကာ သေဆုံးသွားခဲ့ကြသည်။

 

ယင်းကြောင့် ရခိုင်တွင် ၄ ရက်အတွင်း မိမိကိုယ်ကိုယ်အဆုံးစီရင်သူ ၃ ဦးအထိ ရှိလာနေသည်ဟု သိရသည်။ (NN-12)

 

ဆက်စပ် သတင်းများ